ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) ၌ ဝန်ထမ်းများနှင့် သင်တန်းသားသင်တန်းသူများအား တွေ့ဆုံအမှာစကားပြောကြားခြင်း

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော်သည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့၌ ဥက္ကဋ္ဌရုံးအဖွဲ့မှ ညွှန်ကြားရေးမှုးချုပ် ဦးမြင့်ဆွေ၊ တာဝန်ရှိသူများနှင့်အတူ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) တွင် သင်တန်းတက်ရောက်နေကြသည့် ဌာနအသီးသီးမှ နိုင်ငံ့ဝန်ထမ်း သင်တန်းသား၊ သင်တန်းသူများ၊ တက္ကသိုလ်မှ သင်ကြားရေးနှင့် အုပ်ချုပ်မှု ဌာနအသီးသီးရှိ ဆရာ၊ ဆရာမ နိုင်ငံ့ဝန်ထမ်းများကို ရတနာခန်းမတွင်တွေ့ဆုံ၍ အမှာစကား ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော်မှ အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ကောင်းမွန်သော အစိုးရတစ်ရပ်ကသာ ‌ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ အစိုးရ၏မူဝါဒများကို လက်တွေ့ အကောင်အထည်ဖော်ရသည့် စွမ်းဆောင်ရည်မြင့်မားသော နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းများ ဖြစ်ရေးသည် ကောင်းမွန်သည့် အစိုးရအဖွဲ့ဖြစ်ရေးအတွက် အလွန်အရေးကြီးသော အချက်ဖြစ်ပါကြောင်း၊ မူဝါဒများ အကောင်အထည်ဖော်ဆောင်ရွက်သည့် နေရာတွင်လည်း ပြည်သူ့အကျိုးသာ ပဓာန အာဏာ ထူထောင်ရေးဟာ သာမည ဆိုသည့် ခံယူချက်ဖြင့်ဆောင်ရွက်ကြရန်လိုပါကြောင်း။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရွေးချယ်တင်မြှောက်ခြင်းခံရသော အစိုးရအဖွဲ့သည် (၅) နှစ် (၁) ကြိမ် ပြောင်းလဲနေမှာဖြစ်ပြီး အဆိုပါအစိုးရအဖွဲ့များသည် ၎င်းတို့၏ နိုင်ငံရေး ယုံကြည်ချက်ကို အခြေခံပြီး နိုင်ငံနှင့်ပြည်သူလူထုတို့၏ တည်ငြိမ်လုံခြုံရေး၊ လူမှုအကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာမှာ မတူညီသောမူဝါဒ၊လုပ်ငန်းစဉ်များ ရှိကောင်းရှိမည်ဖြစ်သော်လည်း  နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတည်ရှိနေသရွေ့ တစ်ဆက်တည်း ရှိနေရမှာ ဖြစ်ကြောင်း၊ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဆိုသည့်ဆောင်ပုဒ်နှင့်အညီ နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်း တစ်ရပ်ကို ရွေးချယ်၊ ဖွဲ့စည်း၊ လေ့ကျင့်၊ ပြုစုပျိုးထောင်ပေးရေးသည် တည်ငြိမ်ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေသည့် နိုင်ငံတော် တည်ဆောက်ရေးတွင် အလွန်အရေးပါတဲ့ အချက်ဖြစ်ကြောင်း၊

ထိုသို့ ရွေးချယ်၊ ဖွဲ့စည်း၊ လေ့ကျင့်၊ ပြုစုပျိုးထောင်နိုင်ရန်အတွက် ပြည်ထောင်စုရာထူးဝန် အဖွဲ့နှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များကို ဖွဲ့စည်းထားခြင်းဖြစ်ပြီး နိုင်ငံရေးစနစ်ပေါ် အခြေခံ၍ အစိုးရအဖွဲ့ ပြောင်းလဲမှုရှိသော်လည်း ဝန်ကြီးဌာနများအလိုက် တာဝန်ယူကြရသည့် လုပ်ငန်း ကဏ္ဍအလိုက်၊ အဆင့်အလိုက် လုပ်ငန်းများစဉ်ဆက်မပြတ် မှန်မှန်ကန်ကန် လုပ်ဆောင်ပြီး နိုင်ငံ့ အကျိုးရှေ့ရှု၍ ပြည်သူလူထုကို အလုပ်အကျွေးပြုနေသည့် စည်းကမ်းရှိသော စနစ်တကျရှိသော နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း ဖြစ်စေရန် မျှော်မှန်းဆောင်ရွက်လျက်ရှိပါကြောင်း၊

          စွမ်းအားရှိ၍ စည်းကမ်းပြည့်ဝပြီး စနစ်တကျရှိသော နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းဖြစ်စေရန် နိုင်ငံတော်အစိုးရအနေဖြင့် တာဝန်ယူသည့်ကာလအတွင်းအရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ရာ နိုင်ငံ့ ဝန်ထမ်း စုစုပေါင်း (၃၇၅၁၄) ဦးကို လေ့ကျင့်ပြုစုပျိုးထောင်ပေးနိုင်ခဲ့ပါကြောင်း၊ လေ့ကျင့်ပြုစု ပျိုးထောင် ပေးတဲ့နေရာမှာ အသီးသီးသော လုပ်ငန်းခွင်ဆိုင်ရာ အတတ်ပညာများအပြင် ကာယ ကျန်းမာရေး၊ စိတ်ပိုင်းကျန်းမာရေး အတွက်လည်း မျက်ခြေမပြတ် ဂရုတစိုက် ပြုစုပျိုးထောင် ပေး လျက် ရှိ ကြောင်း ယခုနှစ်အတွင်း သွားလာရေး အခက်အခဲကြောင့် သင်တန်း ကင်းလွတ်ခွင့် တောင်းခံသူ စုစုပေါင်း (၂၉၇) ဦး၊ ကျန်းမာရေးကိစ္စကြောင့် စနစ်တကျ ဆေးကုသခံယူရန် သင်တန်း ကင်းလွတ်ခွင့်ဖြင့် ပြန်လည်စေလွှတ်သူ (၇၃) ဦး ရှိခဲ့ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းတွေကို အဆင့်အလိုက်၊ ကဏ္ဍအလိုက် လေ့ကျင့်ပေးတဲ့နေရာမှာ နိုင်ငံ့ဝန်ထမ်းများ၏ ကာယကျန်းမာရေး နဲ့ စိတ် ကျန်းမာရေးကိုလည်း မျက်ခြေမပြတ် မိဘသဖွယ် ဆောင်ရွက်ပေးနေသည်ကို သိရှိကြစေ လိုကြောင်း၊   တစ်ဦးချင်းစီကလည်း ကာယကျန်းမာရေးနှင့် စိတ်ကျန်းမာရေး ကောင်းမွန်ပြည့်စုံ နေရန် ကိုယ်စီထိန်းသိမ်းကြရမည် ဆိုသောအသိရှိနေရန် လိုပါကြောင်း၊

မိမိတို့ နိုင်ငံအပေါ်မှာ အကြပ်ကိုင်ခဲ့မှုတွေကြောင့် မတည်မငြိမ်ဖြစ်ပြီး  ကသောင်းကနင်း ဖြစ်နေသည့် အခြေအနေ အရပ်ရပ်ကို ပြန်လည်တည့်မတ်ရန် ကြိုးပမ်းဖော်ဆောင်ရာတွင် နိုင်ငံတော် အစိုးရသည် ပြည်သူလူထု၊ နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းများနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ တစ်ချိန်က အရှေ့တောင်အာရှမှာ အင်အားကြီးတဲ့ လက်နက် နိုင်ငံတော်တစ်ခု ဖြစ်ခဲ့ရာမှ အားနည်းတဲ့ နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်း၊ မပီပြင်သည့် စီမံအုပ်ချုပ်ရေး အခြေအနေ ဖြစ်ပေါ်ခဲ့ချိန်များတွင် အချုပ်အခြာအာဏာဆုံးရှုံး ရသည်အထိ ဖြစ်ခဲ့သည်ကို သမိုင်းကြောင်း အရရှိခဲ့ပါကြောင်း၊  မြန်မာနိုင်ငံခေတ်ဦး ပုဂံနိုင်ငံအဖြစ် တည်ထောင်ကာစ ကာလမှသည် ခေတ် အဆက်ဆက် ဘုရင်များသည် နိုင်ငံတော်နယ်နိမိတ် ချဲ့ထွင်နိုင်ရေးနှင့် နိုင်ငံတော် နယ်နိမိတ် တည်ငြိမ်ရေးတို့အတွက် လိုအပ်သော အုပ်ချုပ်စီမံမှုတွေ ဆောင်ရွက်သည့်နေရာတွင် မြို့ရွာများကို ဆယ်ပြု၊ ရာပြု၊ ထောင်ပြုစသည်ဖြင့် သတ်မှတ်ခြင်း၊ လိုအပ်ချိန်မှာ စစ်အင်အားကို အလျင်အမြန် တိုးချဲ့ ဖွဲ့စည်းနိုင်တဲ့ စီမံအုပ်ချုပ်မှုစနစ်ရှိခဲ့ခြင်းများကြောင့် ပြည်ပကျူးကျော်မှုများကို ဟန့်တားနိုင်ခဲ့ ပါကြောင်း၊ သို့သော်လည်း စည်းစနစ်ကျသည့် ဝန်ထမ်းအဖွဲ့အစည်း မတည်ဆောက် နိုင်ခဲ့သဖြင့် နှစ်ကာလတစ်ခုတွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဆုံးရှုံးခြင်းများ၊ လျော့နည်းခြင်းများ ရှိခဲ့ပါကြောင်း၊ ကုန်းဘောင်ခေတ်နောက်ဆုံးပိုင်းတွင်လည်း စနစ်တကျ စီမံခန့်ခွဲမှု (နိုင်ငံ့ဝန်ထမ်း စနစ်) မရှိခဲ့ခြင်းကြောင့် နိုင်ငံဆုံးရှုံးသွားခဲ့၍ နှစ်ပေါင်း (၁၀၀)ကျော် အထိ ပြန်လည်တည်ဆောက် ခဲ့ရခြင်းကို သင်ခန်းစာယူပြီး နောက်ထပ် အလားတူအမှားမျိုး ထပ်မံမဖြစ်ပေါ်စေရန် စနစ်တကျ အားကောင်းသော စီမံအုပ်ချုပ်မှုစနစ် (နိုင်ငံ့ဝန်ထမ်းစနစ်) တည်ဆောက်ရန်လိုကြောင်း၊ သို့အတွက် မွန်မြတ်သောတာဝန်များကို ထမ်းဆောင်နိုင်ရန် ဝန်ထမ်းတစ်ဦးချင်းစီကလည်း မိမိတို့၏ ကိုယ်ကာယကျန်းမာရေး၊ စိတ်ကျန်းမာရေးကို ပြုစုပျိုးထောင်ကြရန်နှင့် သမိုင်းသင်ခန်းစာ များကိုသိရှိကြပြီး ပြည်သူအကျိုးကို ရှေးရှုသည့် ဒီမိုကရေစီကျင့်စဉ်များ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းအသီးသီးမှ နိုင်ငံ့ဝန်ထမ်းများအားလုံး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာပြီး တာဝန်ဝတ္တရားများ အောင်မြင်အောင် ဆောင်ရွက်နိုင်ကြ ပါစေကြောင်း မှာကြားခဲ့ပြီးနောက် တက်ရောက်လာကြသော ဝန်ထမ်းများ၊ သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။