အဖွဲ့အကြောင်း
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေကို ၂ဝဝ၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၄၃ အရ ၂၈-၁၀-၂၀၁၀ ရက်စွဲနေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၂၄/၂၀၁၀ ဖြင့်ပြဌာန်း ခဲ့ပါသည်။ ပြည် ထောင်စုရာထူးဝန်အဖွဲ့သည် ၁၉၇၇ခုနှစ်၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ ဥပဒေအရ ဖွဲ့စည်းခဲ့သော ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေး အဖွဲ့ကို ဆက်ခံသောအဖွဲ့ ဖြစ်ပါသည်။ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေအရ အဖွဲ့ကို ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်အနည်းဆုံး(၅)ဦးမှ အများ ဆုံး(၇)ဦးဖြင့် ဖွဲ့စည်းရပါမည်။ အဖွဲ့၏တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေ အခန်း(၃) တွင် ပြဌာန်းထားပါ သည်။ ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် နိုင်ငံ့ဝန်ထမ်းဆိုင်ရာ အာဆီယံကွန်ဖရင့်တွင် မြန်မာနိုင်ငံကိုယ်စားပြု ဆက်သွယ်ဆောင်ရွက်နေ သော အဖွဲ့အစည်းဖြစ်ပါသည်။
ဖွဲ့စည်းခြင်း
ပြည်ထောင်စုရာထူးဝန်အဖွဲ့ကို အဖွဲ့ဥက္ကဋ္ဌကဦးဆောင်၍ စီမံလမ်းညွှန်ကြီးကြပ်မှုဖြင့် အဖွဲ့ဝင်(၆)ဦးဖြင့် လည်းကောင်း၊ ဥက္ကဋ္ဌရုံးအဖွဲ့ကို အရာထမ်း(၅၇) ဦး၊ အမှုထမ်း(၁၁၂) ဦးဖြင့်လည်းကောင်း၊ ဝန်ထမ်းရေးရာ ဦးစီးဌာနကိုအရာထမ်း(၄၈) ဦး၊ အမှုထမ်း (၁၈၃) ဦးဖြင့်လည်းကောင်း၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဦးစီးဌာနကို အရာထမ်း(၅၂) ဦး၊ အမှုထမ်း(၁၆၄)ဦးဖြင့်လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) နှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) တို့တွင် အရာထမ်း(၁၆၀) ဦး၊ အမှုထမ်း(၁၁၀၂) ဦးစီဖြင့် လည်းကောင်း ဖွဲ့စည်းထားရှိပါသည်။
