၂၀၂၃ -၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ဒုတိယလေးလပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ၂၀၂၃ -၂၀၂၄ ခု ဘဏ္ဍာရေးနှစ်ဒုတိယလေးလပတ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ (၁၆) ရက်၊ (၁၀:၀၀)နာရီတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်က ပြည်ထောင်စုရာထူးဝန်အဖွဲ့ အနေဖြင့် ဥပဒေအရအပ်နှင်းထားသော လုပ်ငန်းတာဝန်များဖြင့် နိုင်ငံတော်၏မူဝါဒ၊ ရည်မှန်းချက်များကို အထောက်အပံ့ပေးနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့၏အဓိက တာဝန်မှာ နိုင်ငံ့ဝန်ထမ်းများလေ့ကျင့်ရေး၊ ရာထူးတိုးမြှင့်ရေး၊ စည်းကမ်းထိန်းသိမ်းရေးတာဝန်များ ဖြစ်ပါကြောင်း၊ ၎င်းတို့အနက် လေ့ကျင့်ရေးတာဝန်ယူရသော နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များ၏ကဏ္ဍမှာ လွန်စွာအရေးကြီးပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များ၏ မျှော်မှန်းချက်ဖြစ်သော “နိုင်ငံရေးစနစ် အပေါ်အခြေခံ၍ အစိုးရအဖွဲ့ပြောင်းလဲမှုရှိသော်လည်း ဝန်ကြီးဌာနများအလိုက် တာဝန်ယူကြရသည့် လုပ်ငန်းအလိုက်၊ အဆင့်အလိုက်၊ လုပ်ငန်းများ စဉ်ဆက်မပြတ် မှန်မှန်ကန်ကန်လုပ်ဆောင်ပြီး နိုင်ငံ့ အကျိုးရှေ့ရှု၍ ပြည်သူလူထုကို အလုပ်အကျွေးပြုနေသည့် စည်းကမ်းရှိသော၊ စနစ်တကျရှိသော နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းဖြစ်စေရန်” အရ မိမိတို့၏လုပ်ငန်းစဉ်များကို ချမှတ်ရေးဆွဲ ဆောင်ရွက် ရသည်ဖြစ်ပါကြောင်း၊ ရာထူးတိုးမြှင့်ခြင်းလုပ်ငန်းတာဝန်များ၊ ရွေးချယ်ရေးလုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင်လည်း လေ့ကျင့်ရေးကဏ္ဍအတွက် အထောက်အကူဖြစ်စေရေး၊ နိုင်ငံ့ဝန်ထမ်းများ အရည်အသွေးတိုးတက်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုကောင်းမွန်ရေးကိစ္စရပ်များကို ဦးတည်ဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် လေးလပတ်ကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အခြေ အနေများ၊ ရည်မှန်းထားသော လုပ်ငန်းတာဝန်များအား သတ်မှတ်ကာလအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုများကို ပြန်လည်သုံးသပ်ပြီး လာမည့်လေးလပတ်အတွင်း ရှေ့ဆက်လက်ဆောင်ရွက်မည့် လျာထားလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ပြည့်ဝစွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရန် ရှင်းလင်း ဆွေးနွေး မှာကြားခဲ့ပါသည်။ ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာကြသော ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင်များ ဖြစ်သည့် ဦးဆန်းမြင့်၊ဒေါ်ခင်မျိုးမြင့်၊ ဦးရဲနိုင်၊ ဦးစိုးတင့်၊ သူရဦးဘိုနီနှင့် ဦးသန်းဝင်း၊ ဥက္ကဋ္ဌရုံးအဖွဲ့၊ ဦးစီးဌာနများမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များမှ ပါမောက္ခချုပ်များက ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်ဒုတိယလေးလပတ်ကာလအတွင်း လုပ်ငန်းများ ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုအခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်က တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် လမ်းညွှန်ဖြည့်စွက် ဆွေးနွေးခဲ့ပါသည်။