ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဋ္ဌမအကြိမ်မြောက် မီးဘေးလုံခြုံရေးဆိုင်ရာမီးငြှိမ်းသတ်စက် ကိုင်တွယ်အသုံးပြုခြင်း ကျွမ်းကျင်မှုစွမ်းရည်ပြိုင်ပွဲကျင်းပခြင်း

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ အဋ္ဌမအကြိမ်မြောက် မီးဘေးလုံခြုံရေးဆိုင်ရာ မီးငြှိမ်းသတ်စက် ကိုင်တွယ်အသုံးပြုခြင်း ကျွမ်းကျင်မှုစွမ်းရည်ပြိုင်ပွဲကို ၂၀၂၄ ခုနှစ်၊ မတ်လ (၇)ရက်၊ (၁၅:၀၀) နာရီတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ရုံးအမှတ် (၁၇) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် မီးဘေးအန္တရာယ် ကာကွယ်တားဆီးနိုင်ရေးအတွက် ဤအဖွဲ့မှဝန်ထမ်းများ အပေါ့စားမီးငြှိမ်းသတ်စက်များကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်အသုံးပြု တတ်စေရန် ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သတ်မှတ်ထားသည့် စံနှုန်းများဖြစ်သည့် မီးလောင်မှုအခြေခံသဘောတရားများ၊ မီးအတန်းအစား ခွဲခြားခြင်း၊ မီးသတ်ပစ္စည်းကိရိယာများ ကိုင်တွယ်အသုံးပြုခြင်းနှင့် မီးငြှိမ်းသတ်ခြင်းတို့ကို ဤအဖွဲ့မှ သင်တန်းတက်ရောက်ထားသည့် အရာထမ်းများက စာတွေ့၊ လက်တွေ့လေ့ကျင့်သင်ကြားပေးခြင်း တို့အား ဆောင်ရွက်ခဲ့ပြီး အမျိုးသားဝန်ထမ်း (၃၀) ဦး၊ အမျိုးသမီးဝန်ထမ်း (၁၀) ဦး၊ စုစုပေါင်း (၄၀) ဦး တို့ကို အဖွဲ့(၅) ဖွဲ့ခွဲ၍ ကျွမ်းကျင်မှုစွမ်းရည်ပြိုင်ပွဲအသွင်ဖြင့် ကျင်းပခဲ့ပါသည်။ ထိုသို့ ပြိုင်ပွဲများ ကျင်းပ ခြင်းဖြင့် ဝန်ထမ်းများအနေနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်တတ်သည့် အလေ့အထကောင်းများ၊ အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်တတ်မှုနှင့် စည်းလုံးညီညွတ်မှုတို့ကို ရရှိ စေမည်ဖြစ်ပါသည်။ အဆိုပါပြိုင်ပွဲသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော်၊ အဖွဲ့ဝင်များဖြစ်သော ဦးဆန်းမြင့်၊ ဒေါ်ခင်မျိုးမြင့်၊ ဦးရဲနိုင်၊ ဦးစိုးတင့်၊ သူရဦးဘိုနီ၊ ဦးကျော်မျိုးထွဋ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဥက္ကဋ္ဌရုံးအဖွဲ့၊ ဒုတိယဆုရရှိသည့် ဝန်ထမ်းရေးရာဦးစီးဌာနနှင့် တတိယဆုရရှိသည့် ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးဦးစီးဌာနတို့အား ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ပါသည်။