ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ (၁၈)ကြိမ်မြောက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးသားပေါက်များမျိုးစိုက်ထည့်ခြင်းအခမ်းအနားကျင်းပခြင်း
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ (၁၈)ကြိမ်မြောက်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးသားပေါက်များ မျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက်(၀၈:၀၀)နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ယာယီဝန်ထမ်းအိမ်ရာ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော်၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးဆန်းမြင့်၊ ဒေါ်ခင်မျိုးမြင့်၊ ဦးရဲနိုင်၊ ဦးစိုးတင့်၊ သူရဦးဘိုနီ၊ ဦးကျော်မျိုးထွဋ်၊ ဌာနအကြီးအမှူးများနှင့် ဝန်ထမ်းများတက်ရောက်ကြပါသည်။
မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်က ဥက္ကဋ္ဌရုံးအဖွဲ့နှင့် ဦးစီးဌာနများမှ ဝန်ထမ်းများ သစ်ပင်စိုက်ပျိုးရန်အတွက် ပျိုးပင်များကို အမြဲတမ်းအတွင်းဝန်နှင့် သက်ဆိုင်ရာဌာနအလိုက် ညွှန်ကြားရေးမှူးချုပ်များထံသို့ ပေးအပ်ပါသည်။ ၎င်းနောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော်သည် သတ်မှတ်နေရာ၌ ရတနာတန်းဝင်ကျွန်းပင်ကို စတင်စိုက်ပျိုးပေးပါသည်။ ဆက်လက်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များ၊ ဌာနအကြီးအမှူးများက သတ်မှတ်နေရာ အသီးသီးတွင် ရတနာတန်းဝင်ကျွန်းပင်များကို စိုက်ပျိုးကြပါသည်။ ထို့နောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဌာနအကြီးအမှူးများ လိုက်ပါလျက် ယာယီဝန်ထမ်းအိမ်ရာလမ်းဘေးဝဲယာ၊ စိုက်ကွက်အလိုက် ဝန်ထမ်းများသစ်ပင်စိုက်ပျိုး နေမှုအခြေအနေကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့ရှိ ဆည်အမှတ် (၂၆) တွင် မိုးရာသီကာလ ငါးသားပေါက်မျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ဝန်ထမ်းများမှ ကျွန်း၊ မဟော်ဂနီ၊ ပိတောက်၊ ဆီသပြေ စသော နှစ်ရှည်ပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း ( ၃၀၀ )ပင်ကို သတ်မှတ် နေရာများအလိုက် စိုက်ပျိုးခဲ့ပြီး ငါးမြစ်ချင်း ငါးသားပေါက်(၅၀၀၀)ကို မျိုးစိုက်ထည့်ခဲ့ပါသည်။

