ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၌ ဝန်ထမ်းများနှင့် သင်တန်းသားသင်တန်းသူများအား တွေ့ဆုံအမှာစကားပြောကြားခြင်း
ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော်သည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်နေ့၌ တာဝန်ရှိသူများနှင့်အတူ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွင် သင်တန်း တက်ရောက်လျက်ရှိသည့် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ နိုင်ငံ့ဝန်ထမ်း သင်တန်းသား၊ သင်တန်းသူများ၊ တက္ကသိုလ်ရှိ သင်ကြားရေးနှင့် အုပ်ချုပ်မှုဌာနအသီးသီးမှ ဆရာ၊ ဆရာမ နိုင်ငံ့ဝန်ထမ်းများကို ရတနာသိင်္ဃခန်းမတွင် တွေ့ဆုံ၍ အမှာစကား ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော်မှ အမှာစကားပြောကြားရာတွင် နိုင်ငံ တစ်နိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရန် ကောင်းမွန်သောအစိုးရတစ်ရပ်ကသာ ဆောင်ကျဉ်း နိုင်မှာဖြစ်သောကြောင့် အစိုးရကဦးဆောင်ချမှတ်တဲ့ လုပ်ငန်းများကို အကောင်အထည်ဖော်ရာတွင် အင်အားကောင်းသော လုပ်ငန်းကျွမ်းကျင်မှုရှိသော၊ စည်းကမ်းရှိသော၊ စနစ်တကျ ဆောင်ရွက် နိုင်စွမ်းရှိသော နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများ၏ စွမ်းအားသည် အရေးကြီးဆုံးသော ကနဦးလိုအပ်ချက် တစ်ချက်ဖြစ်ကြောင်း၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝကို အကာအကွယ်ပေးရန် အင်အားကောင်းသော နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများ မဖြစ်မနေလိုအပ်ပါကြောင်း၊ ဝန်ထမ်းအဖွဲ့အစည်းက အစိုးရအဖွဲ့၏ မူဝါဒလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အားနည်းခဲ့ပါကအစိုးရအဖွဲ့၏ အကောင်အထည်ဖော်ဆောင်ရွက်မှု ညံ့ဖျင်းသည့် သဘောပင်ဖြစ်ကြောင်း၊ ပြည်သူလူထုနှင့် နိုင်ငံတော်ကို အကျိုးပြုရန်အတွက် စနစ်တကျဖွဲ့စည်းထားသော နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းမှတဆင့် ကောင်းမွန်သော အစိုးရဖြစ်လာစေရန် အကောင်အထည်ဖော် ဆောင်ရွက်ကြရသည့်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း၏ အရေးပါမှုကိုကွက်ကွက်ကွင်းကွင်း မြင်နိုင်ဖို့အတွက် ဝန်ထမ်းကောင်း မှ နိုင်ငံကောင်းမည်ဆိုသည့် ဆောင်ပုဒ်ကို အခြေခံအုတ်မြစ်တစ်ခုအဖြစ် ချမှတ်ထားသည်ကို သိကြစေလိုကြောင်း၊ မူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဩဇာအာဏာ ထူထောင်ဖို့ မဟုတ်ဘဲ ပြည်သူလူထုအကျိုးကိုသာ ရှေးရှုပြီး အာဏာကိုကန့်သတ်ရန်၊ အာဏာကို ဖြန့်ခွဲရန်စသည့် ဒီမိုကရေစီစံနှုန်းများနှင့် ညီညွတ်ရန်လိုကြောင်း၊ ပြည်သူ့အကျိုးသာ ပဓာန အာဏာထူထောင်ရေးဟာ သာမည ဟု နားလည်ထားရမည်ဖြစ်ကြောင်း၊
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ၏ အနှစ်သာရ သဘောတရားများနှင့်အညီ၊ အစိုးရအဖွဲ့၏ မူဝါဒတွေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများ ရွေးချယ် ဖွဲ့စည်း၊ လေ့ကျင့်၊ ပြုစုပျိုးထောင်ပေးရေး၊ တည်ငြိမ်သော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် နေသည့် နိုင်ငံတော်တည်ဆောက်ရေးသည် လွန်စွာအရေးကြီးပါကြောင်း၊ သို့အတွက် ပြည်ထောင်စု ရာထူးဝန်အဖွဲ့နှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များကို ဖွဲ့စည်းပြီး စည်းကမ်းရှိ၍ စနစ်တကျ လုပ်ဆောင်နိုင်သော နိုင်ငံ့ဝန်ထမ်း အမှုထမ်း၊ အရာထမ်းများ ဖြစ်စေရန်၊ ဌာနဆိုင်ရာအလိုက် သီးခြားလိုအပ်သည့် ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများ သင်ကြားလေ့ကျင့်ပေးပြီး ကဏ္ဍနယ်ပယ် အလိုက် ကျွမ်းကျင်မှုရှိသော ဝန်ထမ်းများကို လေ့ကျင့်မွေးထုတ်ပေးရန်နှင့် သီးခြားစီ တာဝန်ခွဲဝေ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းကဏ္ဍများကို ဆက်စပ်ဆောင်ရွက်နိုင်ရန်အတွက် စီမံအုပ်ချုပ်မှု ယန္တယား ဖွဲ့စည်းတည်ဆောက်ပေးရန် ဟု ရည်မှန်းချက်များ ထားရှိဖော်ဆောင်လျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် လေ့ကျင့်သင်ကြားရေးအပိုင်းတွင် အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ရာ တာဝန်ယူသည့်ကာလအတွင်း နိုင်ငံ့ဝန်ထမ်း စုစုပေါင်း (၃၇၅၁၄) ဦးကို လေ့ကျင့်ပြုစု ပျိုးထောင် ပေးနိုင်ခဲ့ပါကြောင်း၊ သင်တန်းတက်ရောက်ရန်အတွက် ဝန်ထမ်း၏ကျန်းမာရေးကို ဂရုတစိုက်စီမံ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုနှစ်အတွင်း သွားလာရေးအခက်အခဲကြောင့် သင်တန်းသား (၂၉၇) ဦး ကင်းလွတ်ခွင့်ပေးခဲ့ပြီး ကျန်းမာရေးကိစ္စကြောင့် စနစ်တကျ ဆေးကုသခံယူရန် သင်တန်း ကင်းလွတ်ခွင့်ဖြင့် (၇၃) ဦး ပြန်လည်စေလွှတ်ခဲ့ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၏ ကာယကျန်းမာရေးနဲ့ စိတ်ကျန်းမာရေးကိုလည်း မျက်ခြေမပြတ် မိဘသဖွယ် ဆောင်ရွက်ပေးနေသည်ကို သိရှိကြစေလိုပြီး တစ်ဦးချင်းစီမှလည်း ကာယကျန်းမာရေးနှင့် စိတ်ကျန်းမာရေး ကောင်းမွန်ပြည့်စုံနေရန် ကိုယ်စီ ထိန်းသိမ်းကြရမည် ဟုသောအသိရှိနေရန်လိုပါကြောင်း၊
မိမိတို့နိုင်ငံအပေါ်မှာ အခွင့်အရေးယူလိုသော နိုင်ငံများ၊ မဟာဗျူဟာအရ အသုံးချလိုသော အင်အားကြီးနိုင်ငံများ၊ နိုင်ငံရေးမျိုးစေ့မမှန်သော ပြည်တွင်းမှ အခွင့်အရေးသမားများ ပေါင်းစပ် မိပြီးပေါ်ထွက်လာခဲ့သည့် အကြမ်းဖက်အကြပ်ကိုင်ခဲ့မှုများကြောင့် မတည်မငြိမ်ဖြစ်ပြီး ကျဆင်းခဲ့ ရသည့် ကျန်းမာရေးဆိုင်ရာ ပြုစုစောင့်ရှောက်ကုသမှု လုပ်ငန်းများ၊ စီးပွားရေးဆိုင်ရာ အခွင့် အလမ်းကောင်း ဖန်တီးပေးနိုင်မှု အခြေအနေများနှင့် ကသောင်းကနင်း ဖြစ်လျက်ရှိသော အခြေအနေအရပ်ရပ်ကို ပြန်လည်တည်မတ်နိုင်ရန် နိုင်ငံတော်အစိုးရအနေဖြင့် လုံခြုံရေးဆိုင်ရာ အချို့သောအကြပ်အတည်းများကြားမှ ပြည်သူလူထု၊ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် လက်တွဲ ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိကြောင်း၊
တစ်ချိန်က အရှေ့တောင်အာရှမှာ အင်အားကြီးသော လက်နက်နိုင်ငံတော်တစ်ခု ဖြစ်ခဲ့ရာမှ အားနည်းသော နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း၊ မပီပြင်သည့် စီမံအုပ်ချုပ်ရေး အခြေအနေဖြစ်ပေါ်ခဲ့ချိန် များတွင် အချုပ်အခြာအာဏာ ဆုံးရှုံးရသည်အထိ ဖြစ်ခဲ့သည့်သမိုင်းကို မမေ့ရန်လိုကြောင်း၊ မြန်မာနိုင်ငံ ခေတ်ဦးပုဂံနိုင်ငံအဖြစ် တည်ထောင်ကာစကာလမှသည် ခေတ်အဆက်ဆက် ဘုရင်များသည် နိုင်ငံတော်နယ်နိမိတ် ချဲ့ထွင်နိုင်ရေးနှင့် နိုင်ငံတော်နယ်နိမိတ် တည်ငြိမ်ရေးတို့အတွက် လိုအပ်သော အုပ်ချုပ်စီမံမှုတွေ ဆောင်ရွက်သည့်နေရာတွင် မြို့ရွာများကို ဆယ်ပြု၊ ရာပြု၊ ထောင်ပြု စသည်ဖြင့် သတ်မှတ်ခြင်း၊ လိုအပ်ချိန်မှာ စစ်အင်အားကို အလျင်အမြန် တိုးချဲ့ဖွဲ့စည်းနိုင်တဲ့ စီမံအုပ်ချုပ်မှုစနစ် ရှိခဲ့ခြင်းများကြောင့် ပြည်ပကျူးကျော်မှုများကို ဟန့်တားနိုင်ခဲ့ပါကြောင်း၊ သို့သော်လည်း စည်းစနစ်ကျသည့် ဝန်ထမ်းအဖွဲ့အစည်း မတည်ဆောက်နိုင်ခဲ့သဖြင့် နှစ်ကာလတစ်ခုတွင် နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ဆုံးရှုံးခြင်းများ၊ လျော့နည်းခြင်းများ ရှိခဲ့ပါကြောင်း၊ နောက်ထပ် အလားတူအမှားမျိုး ထပ်မံမဖြစ်ပေါ်စေရန် စနစ်တကျအားကောင်းသော စီမံအုပ်ချုပ်မှုစနစ် (နိုင်ငံ့ဝန်ထမ်းစနစ်) တည်ဆောက်ရန် ဝိုင်းဝန်းကြိုးပမ်းသွားရန်လိုအပ်ကြောင်း၊ သို့အတွက် မွန်မြတ်သောတာဝန်များကို ထမ်းဆောင်နိုင်ရန် ဝန်ထမ်းတစ်ဉီးချင်းစီကလည်း မိမိတို့၏ ကိုယ်ကာယကျန်းမာရေး၊ စိတ်ကျန်းမာရေးကို ပြုစုပျိုးထောင်ကြရန်နှင့် သမိုင်းသင်ခန်း စာများကိုသိရှိကြပြီး မိမိတို့တာဝန်ထမ်းဆောင်သော ဝန်ထမ်းအဖွဲ့အစည်းများ ခိုင်မာအားကောင်းပြီး ပြည်သူလူထုနှင့် နိုင်ငံတော်မှ အားကိုးအားထားပြုထိုက်သူများ ဖြစ်စေရန် ဆရာ၊ ဆရာမများ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် အမြဲအမှတ်ရ သတိထားကြိုးစားသွားကြရန် တိုက်တွန်း မှာကြားခဲ့ပြီးနောက် တက်ရောက်လာကြသော ဝန်ထမ်းများ၊ သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။