ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ ဦးစစ်အေး နိုင်ငံ့ဝန်ထမ်းပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်အရာထမ်းရာထူးများအတွက် ရေးဖြေစာမေးပွဲ ကျင်းပဖြေဆိုမှုများအား လှည့်လည်ကြည့်ရှုအားပေးခြင်း

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် ၃/၂၀၂၃နှင့် ၄/၂၀၂၃ ပါ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း(၂၁)ခုရှိ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး(၅၀၂)နေရာ ရွေးချယ်ပေးရန် ရေးဖြေစာမေးပွဲကို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်နှင့်အညီ နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့၊ မကွေးမြို့နှင့် မော်လမြိုင်မြို့များရှိ စာစစ်ဌာန(၅)ခု၌ ၈ -၇-၂၀၂၃ ရက် (စနေနေ့)နှင့် ၉ – ၇ – ၂၀၂၃ရက် (တနင်္ဂနွေနေ့)တို့တွင် တစ်ပြိုင်တည်း ကျင်းပလျက်ရှိရာ အဆိုပါရေးဖြေစာမေးပွဲကျင်းပနေမှုများကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ ဦးစစ်အေးသည် တာဝန်ရှိသူများလိုက်ပါလျက် ၉-၇-၂၀၂၃ ရက်(တနင်္ဂနွေနေ့) နံနက်ပိုင်းတွင် နေပြည်တော်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းရှိ နေပြည်တော်စာစစ်ဌာနသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဖြေဆိုသူများကို လိုက်လံအားပေးစကားပြောကြားခဲ့ပါသည်။ အလားတူ ၈-၇-၂၀၂၃ ရက် (စနေနေ့) တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင် ဦးဆန်းမြင့်သည် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ အမှတ်(၁၇) အခြေခံပညာအထက်တန်းကျောင်းရှိ မန္တလေးစာစစ်ဌာနသို့လည်းကောင်း၊ အဖွဲ့ဝင် ဦးရဲနိုင်သည် နေပြည်တော်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းရှိ နေပြည်တော်စာစစ်ဌာနသို့လည်းကောင်း၊ အဖွဲ့ဝင် ဦးစိုးတင့်သည် ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ ရန်ကုန်စာစစ်ဌာနသို့လည်းကောင်း၊ အဖွဲ့ဝင် သူရဦးဘိုနီသည် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ မကွေးစာစစ် ဌာနသို့လည်းကောင်း စာဖြေသူများအား အသီးသီးလှည့်လည်ကြည့်ရှုစစ်ဆေး အားပေးစကား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအသီးသီးအတွက် လိုအပ်သော အရည်အသွေးမြင့် ပြန်တမ်းဝင်အဆင့်စတင်ခန့်အရာထမ်းရာထူးများကို ရွေးချယ် ပေးလျက်ရှိရာတွင် ဘွဲ့ရပညာတတ်လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေး၊ အရည်အချင်းကိုအခြေခံ၍ လူမှန်၊ နေရာမှန်ခန့်အပ်နိုင်ရေးအတွက် ရွေးချယ်ရေးလုပ်ငန်းစဉ်များကို အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ယခုကျင်းပသောရေးဖြေစာမေးပွဲသို့ နိုင်ငံအဝှမ်းမှ လာရောက် ဖြေဆိုကြသူ စုစုပေါင်း ( ၂၀၁၃ ) ဦး ရှိကြောင်း သတင်းရရှိပါသည်။