ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေး၊ကျောင်းဝတ်စုံနှင့်ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ( ၁၅ ) ကြိမ်မြောက် ၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်အတွက် ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေး၊ ကျောင်းဝတ်စုံနှင့် ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် (၀၉:၀၀) နာရီ၌ နေပြည်တော်ရှိ ပြည်ထောင်စု ရာထူးဝန်အဖွဲ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင်များဖြစ်ကြသော ဦးဆန်းမြင့်၊ဒေါ်ခင်မျိုးမြင့်၊ ဦးရဲနိုင်၊ ဦးစိုးတင့်၊သူရဦးဘိုနီနှင့် ဦးကျော်မျိုးထွဋ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ အရာထမ်း၊ အမှုထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိဘများတက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ကျောင်းအပ်နှံကြပါစို့ ”ဆောင်ပုဒ် နှင့်အညီ ကျောင်းနေအရွယ်အားလုံးကျောင်းအပ်နှံကြစေရေး တိုက်တွန်းလိုပါကြောင်း၊ ပညာ သင်ကြားခြင်းသည် ကလေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ လူမှုဘဝအတွက်နေထိုင်နည်းများအပြင် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ စသည့် အကျိုးကျေးဇူးများရရှိနိုင်မှာဖြစ်ကြောင်း၊ နိုင်ငံတော်မှလည်း အခြေခံပညာအတန်းအားလုံး အခမဲ့စနစ်ဖြင့် သင်ယူနိုင်စေရေး ဖြည့်ဆည်းပေးထားပြီး KG+ 9 အထိ မသင်မနေရ သတ်မှတ်ထားကာ အသက်မွေးဝမ်းကျောင်း ပညာရေးအခွင့်အလမ်းများကိုလည်း နိုင်ငံ တစ်ဝန်းရှိ ခရိုင်၊ မြို့ကြီးများအားလုံးကို တစ်မျိုးသားလုံး၏ ပညာရေးမြှင့်တင်ရန် ဖော်ဆောင် ပေးထားပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့၏သားသမီးများ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံရေးနှင့် ပညာရေးဆုံးခန်းတိုင်သည်အထိ သင်ယူနိုင်ရေး တွန်းအားပေးဆောင်ရွက်ရမှာ ဖြစ်ကြောင်း မှာကြားပြီး အဖွဲ့ဝင်များက ၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်အတွက် တက္ကသိုလ်အဆင့်၊ အခြေခံပညာအဆင့် တက်ရောက်မည့် ဝန်ထမ်း သား / သမီး ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေးများ၊ ကျောင်းဝတ်စုံနှင့် ကျောင်းသုံးစာရေးကိရိယာများကို အသီးသီးချီးမြှင့် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များက တက်ရောက် လာသော ကျောင်းသား၊ ကျောင်းသူများအား တစ်ဦးချင်း လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြား ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် တက္ကသိုလ်အဆင့်ကျောင်းသား၊ကျောင်းသူ(၂၂)ဦးအတွက် ပညာသင် ထောက်ပံ့ကြေး ကျပ် ၂၂၀၀၀၀၀၊ အခြေခံပညာအဆင့် (အထက်တန်း၊ အလယ်တန်း၊ မူလတန်း) ကျောင်းသား၊ ကျောင်းသူ( ၁၃၉ )ဦးအတွက် ပညာသင်ထောက်ပံ့ကြေးကျပ် ၄၅၃၀၀၀၀၊ ကျောင်း ဝတ်စုံနှင့် ကျောင်းသုံးစာရေးကိရိယာများအတွက် ကျပ်  ၅၅၂၅၃၅၀ ၊ စုစုပေါင်း ကျပ် ၁၂၂၅၅၃၅၀  ကို ချီးမြှင့်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။