နိုင်ငံ့ဝန်ထမ်းပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်အရာထမ်းရာထူးများအတွက် ရေးဖြေစာမေးပွဲ ကျင်းပဖြေဆိုမှုများအား လှည့်လည်ကြည့်ရှုအားပေးခြင်း
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် ၃/၂၀၂၄ ပါ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း (၁၉) ခုရှိ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး (၉၈၀) နေရာ ရွေးချယ်ပေးရန် ရေးဖြေစာမေးပွဲကို နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့၊ မကွေးမြို့နှင့် မော်လမြိုင်မြို့များရှိ စာစစ်ဌာန (၅) ခု၌ ၂၂-၂-၂၀၂၅ ရက် (စနေနေ့) နှင့် ၂၃-၂-၂၀၂၅ ရက် (တနင်္ဂနွေနေ့) တို့တွင် တစ်ပြိုင်တည်း ကျင်းပလျက်ရှိရာ အဆိုပါ ရေးဖြေစာမေးပွဲ ကျင်းပနေမှုများကို ၂၂-၂-၂၀၂၅ ရက် (စနေနေ့) တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင် ဦးဆန်းမြင့်နှင့် အဖွဲ့ဝင် ဒေါ်ခင်မျိုးမြင့် တို့သည် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်းရှိ မန္တလေးစာစစ်ဌာနသို့လည်းကောင်း၊ အဖွဲ့ဝင် ဦးရဲနိုင်သည် ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ ရန်ကုန်စာစစ်ဌာနသို့လည်းကောင်း၊ အဖွဲ့ဝင် သူရဦးဘိုနီသည် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းရှိ မကွေးစာစစ်ဌာနသို့လည်းကောင်း၊ အဖွဲ့ဝင် ဦးကျော်မျိုးထွဋ်သည် နေပြည်တော်၊ အမှတ်(၃)နှင့် အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်းများရှိ နေပြည်တော် စာစစ်ဌာနသို့လည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ဦးအောင်တင်စိုးသည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းရှိ မွန်ပြည်နယ်စာစစ်ဌာနသို့လည်းကောင်း စာဖြေသူများအားအသီးသီး လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းအသီးသီးအတွက် လိုအပ်သည့် အရည်အသွေးပြည့်ဝသော ပြန်တမ်းဝင်အဆင့် စတင်ခန့်အရာထမ်းရာထူးများကို စနစ်တကျ ရွေးချယ် ပေးလျက်ရှိပြီး မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ဘွဲ့ရပညာတတ်လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေး၊ အရည်အချင်းကို အခြေခံ၍ လူမှန်၊ နေရာမှန်ခန့်အပ်နိုင်ရေးအတွက် ရွေးချယ်ရေး လုပ်ငန်းစဉ်များကို အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ယခုကျင်းပသော ရေးဖြေစာမေးပွဲသို့ နိုင်ငံအဝှမ်းမှလာရောက် ဖြေဆိုကြသူ စုစုပေါင်း ( ၂၁၀၆) ဦးရှိပါသည်။