နောက်ခံသမိုင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ခေတ်မီဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်း ဆောင်ရွက်ရာတွင် နယ်စပ်ဒေသများအပါအဝင် တစ်နိုင်ငံလုံး ဟန်ချက်ညီညီ ဖြစ်ထွန်း တိုးတက် စေရန်နှင့်အထက် မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများအတွက် မန္တလေးမြို့ကို ဗဟိုပြုပြီး ရန်ကုန်မြို့တော်နှင့် တန်းတူ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အခြေခံများ တစ်ပြေးညီ ဖြစ်ထွန်းလာစေရေး စီမံဆောင်ရွက်ပေးရန် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မိန့်ကြားချက်နှင့်အညီ အဆင့်မြင့်ဆေးရုံကြီးများ၊ အသက်မွေးဝမ်းကျောင်း တက္ကသိုလ် များ၊ စီမံခန့်ခွဲရေးဆိုင်ရာဌာနများကို အဆင့်မြှင့်တင် တိုးချဲ့စီစဉ် ဆောင်ရွက် ပေးလျက်ရှိပါ သည်။

မြန်မာနိုင်ငံရှိ နိုင်ငံ့ဝန်ထမ်းအင်အား တစ်သန်းကျော်အား ထိရောက်ထက်မြက်သည့် အမျိုးသားရေး စွမ်းအားစုများ ဖြစ်လာအောင် လေ့ကျင့်ပညာပေးသင်တန်းများ အရှိန်တိုးမြှင့် ဖွင့်လှစ်ပို့ချပေးနိုင်ရန် ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)အပြင် မြန်မာနိုင်ငံ အထက်ပိုင်းရှိ နိုင်ငံ့ဝန်ထမ်းများ သွားလာရေး လွယ်ကူ အဆင်ပြေစေရန်အတွက် ဗဟိုဝန်ထမ်း တက္ကသိုလ်(အထက်မြန်မာပြည်)ကို  ထပ်မံတိုးချဲ့ ဖွင့်လှစ် ပေးခဲ့ပါသည်။

၂၀၁၇ ခုနှစ်၊ဇန်နဝါရီလ(၂)ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးနှင့် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး၏ လမ်းညွှန်ခွင့်ပြုချက်ဖြင့်  ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် နိုင်ငံတော်တွင် ယခင်က ကျင့်သုံးခဲ့သည့် Old Public Administration မှ ဒီမိုကရေစီစနစ်နှင့် လျော်ညီသော New Public Management, New Public Government တို့ကို အထောက်အကူပြုသည့် New Public Service delivery လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ပြည်သူ့ ဝန်ထမ်းများအား ပြည်သူ့ဝန်ကိုထမ်းမည့်သူ၊ ပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်း ဆောင်ရွက်ပေးမည့်သူ့ ဟူသည့် စိတ်ဓာတ်မျိုးထားရှိနိုင်ရေးနှင့် ပိုမိုကောင်းမွန်သော Service delivery ပေးနိုင်သော ပြည်သူ့ဝန်ထမ်းကောင်းများ ဖြစ်စေရေး ထိရောက်စွာလေ့ကျင့်ပေးနိုင်ရန် ရည်ရွယ်လျက် ဗဟို၀န်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် “ပြည်သူ့ဝန်ထမ်းအကယ်ဒမီ (Civil Services Academy)” ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါသည်။

တာဝန်ထမ်းဆောင်ခဲ့သော ပါမောက္ခချုပ်များ

ဗဟိုဝန်ထမ်းတက္ကသိုလ်အမှတ်တံဆိပ်

ဗဟိုဝန်ထမ်းတက္ကသိုလ် အမှတ်တံဆိပ်(Logo)အသစ်သည် ၁၅- ၆-၂၀၁၆ ရက်နေ့မှ စတင်၍ ပြောင်းလဲသတ်မှတ်အသုံးပြုခဲ့ပါသည်။ အမှတ်တံဆိပ်(Logo)ပါ စာအုပ်၏ အဓိပ္ပာယ် မှာ ဝန်ကြီးဌာန/ အဖွဲ့အစည်းအသီးသီးတွင် တာဝန်ထမ်းဆောင်နေသည့် ပြည်သူ့ဝန်ထမ်းများ အား နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စီမံခန့်ခွဲမှု၊ ဥပဒေ၊ အင်္ဂလိပ်စာပညာဘာသာရပ်နှင့် သတင်း အချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာတို့အား လေ့ကျင့်သင်ကြား ပို့ချပေးခြင်း အဓိပ္ပာယ် ကို ဖော်ဆောင်ပါသည်။

အဆိုပါ စာအုပ်၏ လက်ယာဘက်တွင် ပြည်သူ့ဝန်ထမ်းတစ်ဦး၏ အဓိကတန်ဖိုး များဖြစ်သော ရိုးသားခြင်း(Honesty)၊ ဖြောင့်မတ်သမာဓိရှိခြင်း(Integnity)၊ ဓမ္မဓိဌာန်ကျစွာ ပြုမူခြင်း (Objectivity)၊ ဘက်မလိုက်ခြင်း(Impartiality)စသည်တို့ကို လည်းကောင်း၊ လက်ဝဲ ဘက်တွင် ဝန်ထမ်းတစ်ဦး၏ စွမ်း‌ဆောင်ရည်မူ‌​ဘောင်( Competency Framework )များ ဖြစ်သော စရိုက်လက္ခဏာကောင်းမှု (Ethos)၊ ကိုယ်ကျင့်တရားကောင်းမှု(Ethics)၊ တန်းတူညီမျှ ရှိမှု(Equity)၊ စွမ်းဆောင်ရည်ပြည့်ဝမှု (Efficiency) စသည်တို့ကိုလည်းကောင်း အသီးသီးဖော်ကျူး ပြသထားပါသည်။ စာအုပ်အပေါ်ဘက်ရှိ လူပုံရိပ်နှစ်ခုမှာ ပြည်သူ့ဝန်ထမ်းများတွင်ထားရှိရမည့် စံနှုန်းသတ်မှတ်ချက်များနှင့် စာပေပညာရပ်များကို ဗဟိုဝန်ထမ်း တက္ကသိုလ်များ၌ လေ့ကျင့် သင်ယူခြင်းဖြင့်အရည်အချင်းပြည့်ဝသော ပြည်သူ့ဝန်ထမ်း ပေါ်ထွက်လာ ခြင်း၏ ဂုဏ်ပုဒ်ကို ဖော်ဆောင်ပါသည်။ လူပုံရိပ်နှစ်ခု၏ အထက်ဘက်ရှိ ဖြာထွက်နေသည့် အလင်းတန်း တစ်ဆယ့်လေးခုမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်(၁၄)ခုတို့မှ ပြည်သူ့ဝန်ထမ်းများအား ရည်ရွယ်၍ အရုဏ်ဦး နေရောင်ခြည်ကဲ့သို့ ဉာဏ်ပညာ အလင်းဆောင်နိုင်ပြီး ထူးချွန် ထက်မြက်သည့် ပြည်သူ့ ဝန်ထမ်းများ ဖြစ်လာစေရန် လေ့ကျင့်သင်ကြားမွေးထုတ်ပေးခြင်း၏ အဓိပ္ပာယ်ကို ဖော်ဆောင် ပါသည်။ အင်္ဂလိပ်စာသားဖြင့် ဖော်ပြထားသော တက္ကသိုလ်အမည်၏ အထက်ဘက်ရှိ စက်ဝန်းခုံး မှာ ပညာရပ်များ သင်ကြားရာတွင် နိုင်ငံတကာ အဆင့်မီ၍ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားတွေးခေါ် ဆောင်ရွက်ခြင်း၏ အဓိပ္ပာယ်ကို ဖော်ဆောင်ပါသည်။