လုပ်ငန်းတာဝန်

ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဦးစီးဌာနသည် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြီးကြပ်မှုနှင့်အညီ အောက်ပါလုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိပါသည်-

(၁) ပြန်တမ်းဝင်အရာရှိအဆင့် ဝန်ထမ်းများရွေးချယ်ပေးရန် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများ၏ အဆိုပြုချက်အရ အဖွဲ့က ကြော်ငြာခေါ်ယူခြင်း၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်(၅)ခုတို့၌ စာစစ်ဌာနများ ဖွင့်လှစ်၍ ရာထူးဝင်ခွင့်ရေးဖြေစာမေးပွဲများ စစ်ဆေးခြင်း၊ စိတ်အခြေအနေစစ်ဆေးခြင်း၊ လူတွေ့ စစ်ဆေးခြင်း၊ ရွေးချယ်ပေးခြင်း၊ ရွေးချယ်ခံရသောပုဂ္ဂိုလ်များအား အရာထမ်းလောင်း (အထူး) သင်တန်းတက် ရောက်စေခြင်း၊ သင်တန်းစတင်တက်ရောက်သည့်နေ့မှစ၍ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများတွင် ဦးစီးအရာရှိ (အစမ်းခန့်)အဖြစ် ခန့်အပ်ပြီး သင်တန်းပြီးဆုံးချိန်တွင် လစ်လပ်ရာထူးနေရာများတွင် အတည်ပြု ခန့်ထားနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများသို့ အကြောင်းပြန်ကြားပေးခြင်း၊ လက်ထောက်ဆရာဝန်ရာထူးအတွက် လုပ်ငန်းလိုအပ်ချက်အရ ရေးဖြေစစ်ဆေးခြင်းမပြုဘဲ စိတ်အခြေအနေ စစ်ဆေးခြင်း၊ လူတွေ့စစ်ဆေးခြင်း၊ ရွေးချယ်ပေးခြင်း၊ ရွေးချယ်ခံရသူများကို နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်များတွင် ဖွင့်လှစ်သည့် အရာထမ်းလောင်း အခြေခံသင်တန်းများသို့ လက်တလော တက်ရောက်စေခြင်းမပြုသေးဘဲ နိုင်ငံ့ဝန်ထမ်းသစ်များအဖြစ် ဦးစွာခန့်ထားနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန/ အဖွဲ့အစည်းများသို့ အကြောင်းပြန်ကြားပေးခြင်းနှင့် သင့်လျော်ချိန်တွင် အရာထမ်းအခြေခံသင်တန်းတက်ရောက်ရေး စီစဉ် ဆောင်ရွက်ခြင်း၊

(၂) ပြင်ပပုဂ္ဂိုလ်များအား ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများရှိ ရာထူးနေရာများတွင် ခန့်ထားရန် အဆိုပြုချက်များအပေါ် အရေးယူဆောင်ရွက်ခြင်း၊

(၃) ပြန်တမ်းဝင်အရာရှိအဆင့်သို့ ဝန်ထမ်းအဖွဲ့အစည်းအတွင်းမှ ဝန်ထမ်းများရာထူးတိုးမြှင့်ခန့်ထားရေးအတွက် ညှိနှိုင်းမှုများကိုစိစစ်၍ အဖွဲ့အစည်းအဝေးသို့တင်ပြအတည်ပြုချက်ရယူကာ သဘောတူညီချက်ပေးခြင်း၊

(၄) ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းအသီးသီးမှဝန်ထမ်းများ (စာရေးအဆင့်မှ ဒုတိယညွှန်ကြားရေးမှူးချုပ်အဆင့်ထိ) နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များ၌ သင်တန်းတက်ရောက်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊

(၅)  နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များတွင် ဖွင့်လှစ်ပို့ချသော အထူးမွမ်းမံသင်တန်းကိစ္စရပ်များ ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊

(၆)  အာဆီယံ နိုင်ငံ့ဝန်ထမ်းရေးရာကိစ္စများနှင့်စပ်လျဉ်း၍ အာဆီယံလူ့စွမ်းအားဗဟိုဌာနမှ  ဆက်သွယ်ဆောင်ရွက်ခြင်း၊ 

(၇) ပြည်ထောင်စုရာထူးဝန်အဖွဲ့တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် e-Recruitment and Integrated Civil Service System – ERICSS စီမံကိန်းပါလုပ်ငန်းများတွင် ပါဝင်သည့် ဝန်ထမ်းရွေးချယ်လေ့ကျင်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ရွေးချယ်ရေးစနစ်    (e-RSS)၊ ရာထူးတိုးမြှင့်ရေးစနစ်(PMS)၊ လေ့ကျင့်ရေးစနစ် (TMS)များနှင့် စိတ်အခြေအနေစစ်ဆေးခြင်းများကို လမ်းညွှန်ချက်နှင့်အညီဆောင်ရွက်ခြင်း၊

(၈) ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်ရာထူးများ၊ ပြန်တမ်းဝင်အရာရှိအဆင့်သို့ တိုးမြှင့် ခန့်ထားမည့် ဌာနတွင်းမှ ဝန်ထမ်းများ၊ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများမှ အကူအညီတောင်းခံလာသည့် ဝင်ပေါက်ရာထူးမျာအား လူမှန်/နေရာမှန်ခန့်ထားတာဝန်ထမ်း ဆောင်နိုင်ရန်အတွက် စိတ်အခြေအနေစစ်ဆေးဆောင်ရွက်ပေးခြင်း။