ဥက္ကဌ ဦးဝင်းသိမ်း

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ​ဦးဝင်းသိမ်းကို ၁၉၄၈ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့၌ မိဘနှစ်ပါးဖြစ်သူ တိုးတက်ရေးဦးသိမ်း (လွတ်လပ်ရေးမော်ကွန်းဝင် ပထမအဆင့်) (ကွယ်လွန်) နှင့် ​ဒေါ်မမလေး (လွတ်လပ်ရေးမော်ကွန်းဝင်တတိယအဆင့်) (ကွယ်လွန်)တို့မှ ရန်ကုန်မြို့တွင်မွေးဖွား ခဲ့ပါသည်။ ဦးဝင်းသိမ်းသည် St.Paul’s High School ကျာင်း၌ ၁၉၆၅ ခုနှစ် အထက်တန်းပညာ သင်ယူပြီးဆုံးချိန်တွင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၁၁)၌ ဗိုလ်လောင်း အဖြစ် ရွေးချယ်ခြင်းခံခဲ့ရပြီး မေမြို့ (ပြင်ဦးလွင်) စစ်တက္ကသိုလ်တွင် လ့ကျင့်ပညာသင်ယူခဲ့ပါသည်။ ၁၉၆၅-၁၉၆၉ ခုနှစ်တွင် စစ်တက္ကသိုလ်မှသိပ္ပံဘွဲ့ကို ရရှိခဲ့ပြီး တပ်မတော် (ရေ)တွင် ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါသည်။ ၁၉၇၆ ခုနှစ်တွင် အထက်တန်းရှေ့နေသင်တန်း၊ ၁၉၇၈-၁၉၇၉ ခုနှစ်တွင် ဂျပန်နိုင်ငံ၌ အဏ္ဏဝါဗေဒသင်တန်း၊ ၁၉၇၉ ခုနှစ်တွင် တက္ကသိုလ်များ၊ ကွန်ပျူတာဌာန၌ ကွန်ပျူတာ အစီအစဉ်သင်တန်းများ တက်ရောက်ခဲ့ပါသည်။ တပ်မတော်(ရေ)တွင် တာဝန်များအဆင့်ဆင့် ထမ်းဆောင် ခဲ့ပြီး ၁၉၈၄ ခုနှစ်တွင် ပို့ဆောင်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းတာဝန် ထမ်းဆောင်ခဲ့ပါသည်။

      ပို့ဆောင်ရေးဝန်ကြီးဌာနအောက်ရှိ ရေလမ်းထိန်းသိမ်းရေးညွှန်ကြားမှုဦးစီးဌာနတွင် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ရာထူးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ကျောင်းအုပ်ကြီး (မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်) ရာထူးသို့ အဆင့်တိုးမြှင့်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၉၄ ခုနှစ်တွင် ဗဟိုစာရင်းအင်းအဖွဲ့၌ အဆင့်မြင့်ကွန်ပျူတာစီမံခန့်ခွဲရေးသင်တန်း၊ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ (Post Graduate Diploma in Maritime Law ) ၊ ၂၀၀၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ (Post Graduate Diploma in Business Law ) ၊ ၂၀၀၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ (Post Graduate Diploma in International Law ) ၊ ၂၀၀၅ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်၌ M.A (Business Law ) (1st Year) ၂၀၀၉ ခုနှစ်တွင် အမေရိကန်နိုင်ငံ International WHO’s WHO OF PROFESSIONALS HISTORICAL SOCIETY မှ (Member of International WHO’s WHO OF Professionals) အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၂၀၁၄ ခုနှစ်တွင် အမေရိကန်နိုင်ငံ Akamai University , Hawaii, U.S.A မှ (Ph.D. Doctor of Philosophy Honoris Causa in Educational Leadership ဂုဏ်ထူးဆောင် ပါရဂူဘွဲ့၊ ၂၀၁၅ ခုနှစ်တွင် ဗြိတိန်နိုင်ငံ London College of Business Sciences မှ (Post Graduate Diploma in Business Administration) စသည့် စာပေပညာရပ်ဆိုင်ရာဘွဲ့များ ရရှိခဲ့ပါသည်။ ၁၉၉၅-၁၉၉၆ ခုနှစ်တွင် ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ရှိ ကုလသမဂ္ဂ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအစီအစဉ်ရုံး (United Nations Environment Programme Head Office)သည် မြန်မာနိုင်ငံ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အမျိုးသားကော်မရှင်ရုံးမှတဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မြန်မာနိုင်ငံ ၂၁ ရာစုအစီအစဉ် (Myanmar Agenda 21) ရေးသားပြုစုရန် အမျိုးသားအတိုင်ပင်ခံပုဂ္ဂိုလ် (National Consultant) အဖြစ်ခန့်ထားခဲ့ရာ အထက်တင်ပြပါ (Myanmar Agenda 21) စာအုပ်အား ရေးသားပြုစုခဲ့ပါသည်။

      တာဝန်ထမ်းဆောင်နေစဉ်ကာလတစ်လျှောက် ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ပညာရေး၊ လ့ကျင့်ရေး တို့နှင့်ပတ်သက်၍ International Conference များတွင် သုတေသနစာတမ်းများ အစောင်(၅၀)ခန့်ရေးသား ဖတ်ကြားခဲ့ပါသည်။ ၂၀၁၂ ခုနှစ်တွင် ပြည်သူ့လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်၊ အဖွဲ့ဝင်အဖြစ် ခန့်ထားတာဝန်ပေးအပ်ခြင်း ခံခဲ့ရပါသည်။

   ဦးဝင်းသိမ်းအား နိုင်ငံတော်မှ ၂၀၁၆ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့တွင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌအဖြစ် ခန့်ထားတာဝန်ပေးအပ်ခဲ့ပါသည်။ ဦးဝင်းသိမ်းနှင့် ဇနီး ဒေါ်လှလှဝင်းတို့မှ သား ဦးလင်းဝင်းသိမ်းနှင့် ဦးအောင်ဝင်းသိမ်းတို့ (၂)ဦး ထွန်းကားခဲ့ပါသည်။