ဝန်ထမ်းတစ်ဦး၏ ခွင့်စာရင်း၌ ကျန်ရှိသော လုပ်သက်ခွင့်နှင့် ကြိုတင်ပြင်ဆင်ခွင့် လေးလ ဆက်စပ်ခံစားခွင့် ရှိ-မရှိ သဘောထားမှတ်ချက်မေးမြန်းလာသည့် ကိစ္စ

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၈၇ ပါ ပြဋ္ဌာန်းချက်အရ လုပ်သက်ခွင့်သည် ဝန်ထမ်း၏တာဝန်ထမ်းဆောင်သည့်ကာလကို အခြေပြု၍ ရခွင့်ရှိသည့်ခွင့်ဖြစ်ပြီး နည်းဥပဒေ ၈၈ ပါ ပြဋ္ဌာန်းချက်အရ ဆေးလက်မှတ်ခွင့်နှင့် လစာမဲ့ခွင့်နှစ်မျိုးတည်းကိုသာ လုပ်သက်ခွင့်နှင့် ဆက်စပ် ခံစားခွင့်ပြုသည့်အတွက် သက်ပြည့်အငြိမ်းစားယူရန် ကြိုတင်ပြင်ဆင်ခွင့်နှင့် ဆက်စပ်ခံစားခွင့်ပြု နိုင်မည်မဟုတ်ပါ။

သို့ဖြစ်ပါ၍ သက်ပြည့်အငြိမ်းစားယူမည့်ဝန်ထမ်းမှ ကြိုတင်ပြင်ဆင်ခွင့်မခံစားမီ ၎င်းစုဆောင်း ထားရှိသော လုပ်သက်ခွင့်လက်ကျန်များကို နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၈၀ ပါ ပြဋ္ဌာန်းချက်အရ တောင်းခံလာပါက ခွင့်ပေးပိုင်ခွင့်ရှိသူမှ သက်ပြည့်အငြိမ်းစားယူရန် ကြိုတင်ပြင်ဆင် ခွင့်လေးလခံစားခြင်းမပြုမီ လုပ်သက်ခွင့် လက်ကျန်ကို ခံစားခွင့်ပြုရန်ဖြစ်ပြီး အဆိုပါ လုပ်သက်ခွင့် ရက်များကုန်ဆုံး၍ လုပ်ငန်းတာဝန်များကို ပြန်လည်ထမ်းဆောင်ပြီးမှသာလျှင် ကြိုတင်ပြင်ဆင်ခွင့်ကို ခံစားခွင့်ပြုရမည်ဖြစ်ပါကြောင်း ဤအဖွဲ့မှ သဘောထားမှတ်ချက် ပြန်ကြားခဲ့ပါသည်။