နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၆၆ တွင် “ဝန်ထမ်းတစ်ဦးသည် တာဝန်မှယာယီရပ်ဆိုင်းထားစဉ် အငြိမ်းစားယူရမည့်အသက်ပြည့်စေကာမူ စုံစမ်းစစ်ဆေးခြင်းနှင့် စပ်လျဉ်း၍ အပြီးသတ်အမိန့် မချမှတ်ရသေးမီ ယင်းဝန်ထမ်းအား အငြိမ်းစားယူခွင့်မပြုရ” ဟု ပြဋ္ဌာန်းထားရှိပါကြောင်း၊
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၃၁ တွင် “ဝန်ထမ်းစည်းကမ်းဆိုင်ရာပြစ်မှု တစ်ရပ်ရပ် သို့မဟုတ် ဥပဒေတစ်ရပ်ရပ်ကို ကျူးလွန်ခြင်းကြောင့် တာဝန်မှယာယီရပ်ဆိုင်းထားခြင်း သို့မဟုတ် စုံစမ်းစစ်ဆေးခြင်းခံနေရသည့် ဝန်ထမ်းတစ်ဦးသည် ယင်းကာလအတွင်း အငြိမ်းစား ယူရမည့် အသက်ပြည့်စေကာမူ စုံစမ်းစစ်ဆေးခြင်းနှင့်စပ်လျဉ်း၍ အပြီးသတ်အမိန့် မချမှတ်ရသေးမီ အငြိမ်းစားယူခွင့်မပြုရ” ဟု ပြဋ္ဌာန်းထားရှိပါကြောင်း၊
သို့ဖြစ်ပါ၍ တာဝန်မှယာယီရပ်ဆိုင်းထားစဉ်ကာလအတွင်း အငြိမ်းစားယူရမည့် အသက် ပြည့်စေကာမူ စုံစမ်းစစ်ဆေးခြင်းနှင့်စပ်လျဉ်း၍ အပြီးသတ်အမိန့် မချမှတ်ရသေးမီ အငြိမ်းစားယူခွင့် မပြုဘဲ ထားရှိရမည်ဖြစ်ပါသည်။
ထိုသို့ တာဝန်မှယာယီရပ်ဆိုင်းထားစဉ်ကာလအတွင်း နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၇၅ ပါ ပြဋ္ဌာန်းချက်အရ စားစရိတ်ထောက်ပံ့ကြေးနှင့် အခြားရခွင့်ရှိသည့် စရိတ် ကြေးငွေများကိုသာ သတ်မှတ်နှုန်းထားအတိုင်း ခံစားခွင့်ပြုရမည်ဖြစ်ပါကြောင်း၊
သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် အဆိုပါ အရာထမ်းအား နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၆၈ နှင့် နည်းဥပဒေ ၁၆၉ တို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဌာနဆိုင်ရာ အရေးယူရန် လိုအပ်ပါက သက်ပြည့်အငြိမ်းစား ယူခွင့်မပြုသေးဘဲ ဌာနဆိုင်ရာစစ်ဆေးမှုဖွင့်လှစ်၍ ဆက်လက် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ဤအဖွဲ့မှသဘောထားမှတ်ချက်ပြန်ကြားခဲ့ပါသည်။