နိုင်ငံ့ဝန်ထမ်းသည် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင် ဝင်ငွေရရှိသည့် အလုပ် တစ်ခုခု၌ ဝင်ရောက်လုပ်ကိုင်နိုင်ခြင်း ရှိ/ မရှိ သဘောထားမှတ်ချက် မေးမြန်း လာသည့်ကိစ္စ

နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၁၉ တွင် “ခွင့်ခံစားနေသည့် ဝန်ထမ်းသည် ခွင့်ကာလအတွင်း၌ ဝင်ငွေရရှိသည့် အလုပ်တစ်ခုခုတွင် ဝင်ရောက်တာဝန်ထမ်းဆောင်ခြင်းမပြုရ” ဟု သတ်မှတ်ပြဋ္ဌာန်း ထားခြင်းမှတစ်ပါး စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ရုံးများ၏ ပိတ်ရက်နှင့် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများ အက်ဥပဒေ ပုဒ်မ ၂၅ အရ ပြက္ခဒိန်နှစ်အလိုက် အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်သော အများပြည်သူတို့၏ အလုပ်ပိတ်ရက်များတွင် ဝင်ငွေရရှိသည့် အလုပ်တစ်ခုခု၌ ဝင်ရောက်တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ ဝန်ထမ်းနည်းဥပဒေများတွင် ပြဋ္ဌာန်းထားခြင်းမရှိပါကြောင်း၊

သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ရုံးပိတ်ရက်အတွင်း လုပ်ကိုင်ခွင့်ပြုမည်ဆိုပါက နိုင်ငံ့ ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၅၊ နည်းဥပဒေခွဲ (က)ပါ ပြဋ္ဌာန်းချက်နှင့်အညီ နိုင်ငံတော်၏ အကျိုးအတွက် လိုအပ်လျှင် အချိန်ပြည့်တာဝန်ထမ်းဆောင်ရမည်ဖြစ်ရာ မိမိဌာန၏ လုပ်ငန်းတာဝန် များကို မထိခိုက်စေဘဲ သက်ဆိုင်ရာဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုနည်းလမ်းဖြင့် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း ဤအဖွဲ့မှ သဘောထားမှတ်ချက် ပြန်ကြားခဲ့ပါသည်။