ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းဌာနခွဲ လုပ်ငန်းတာဝန်များ

ဌာနခွဲ(၂)၊ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းဌာနခွဲ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က)နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများကို ခေတ်စနစ်နှင့်အညီ ပြင်ဆင်ရေးဆွဲခြင်း၊ ဖြည့်စွက်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် အမိန့်ညွှန်ကြားချက်နှင့်လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်နိုင်ရေးအတွက် စိစစ်တင်ပြဆောင်ရွက်ခြင်း၊
(ခ)ပြည်ထောင်စုအစိုးရအား အထောက်အကူပြုရန်အတွက် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ ဝန်ထမ်းဆိုင်ရာကျင့်ဝတ်များ၊ စည်းမျဉ်း၊ စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ စံနှုန်းသတ်မှတ်ရေးနှင့် မူဝါဒလမ်းညွှန်ချက်များချမှတ်နိုင်ရေး လမ်းညွှန်မှုခံယူဆောင်ရွက်ခြင်း၊
 (ဂ)လွှတ်တော်များမှ မေးမြန်းလာသည့် ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့်သက်ဆိုင်သော မေးခွန်း၊ အဆိုများကို စနစ်တကျဖြေကြားနိုင်ရေး အထောက်အကူပြုဆောင်ရွက်ခြင်း၊
 (ဃ)နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးနှင့်  ပြည်ထောင်စုအစိုးရအဖွဲ့ရုံးတို့မှ ဝန်ထမ်းများနှင့်သက်ဆိုင်သည့် မူဝါဒ၊ အမိန့်ညွှန်ကြားချက်များ ချမှတ်နိုင်ရန် သဘောထားမေးမြန်းလာပါက လမ်းညွှန်မှုနှင့်အညီ စိစစ်တင်ပြခြင်း၊
(င)ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများက မေးမြန်းလာသည့် ဝန်ထမ်းရေးရာကိစ္စရပ်များကို လေ့လာစိစစ်ပြီး တည်ဆဲနိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ အမိန့်ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အကြံပြုပြန်ကြားနိုင်ရေး လမ်းညွှန်မှုခံယူဆောင်ရွက်ခြင်း၊
(စ)ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများမှ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြနိုင်ရေးအတွက် ရာထူးအဆင့်အလိုက် အနည်းဆုံးရှိရမည့် ပညာအရည်အချင်းနှင့် ကျွမ်းကျင်မှုအရည်အချင်းသတ်မှတ်ချက်များကို နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ အမိန့် ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့် လေ့လာစိစစ်၍ ပြန်ကြားနိုင်ရေး လမ်းညွှန်မှုခံယူတင်ပြခြင်း၊
(ဆ)ပြည်ထောင်စုရာထူးဝန်အဖွဲ့မှမူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ညွှန်ကြားလာပါက ဆက်စပ်နေသည့် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့်ပေါင်းစပ်ညှိနှိုင်းတင်ပြဆောင်ရွက်ခြင်း၊
( ဇ )နိုင်ငံ့ဝန်ထမ်းစည်းကမ်းသတ်မှတ်ချက်များ၊ ရပိုင်ခွင့်များ စသည့်ဝန်ထမ်းရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
(ဈ )ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများမှ ဝန်ထမ်းရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခြင်းနှင့် စနစ်တကျမှတ်တမ်းတင် ထိန်းသိမ်းထားရှိခြင်း၊
(ည)ဝန်ထမ်းများ၏ ဝန်ထမ်းရေးရာရပိုင်ခွင့်များနှင့် ဝန်ထမ်းစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ရာတွင် ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်တို့အား အထောက်အကူပြုခြင်း။