ရာထူးမှထုတ်ပယ်ခဲ့သည့်နေ့ရက်မှ အလုပ်ပြန်လည်ဝင်ရောက်ခဲ့သည့်နေ့မတိုင်မီ တစ်ရက်အထိ ကာလကို လစာမဲ့ခွင့်အဖြစ် သတ်မှတ်ခဲ့ခြင်းသည် ဥပဒေ၊ လုပ်ထုံး လုပ်နည်းနှင့်ညီညွတ်ခြင်းရှိ မရှိ သဘောထားမှတ်ချက် မေးမြန်းလာသည့်ကိစ္စ

ဌာနဆိုင်ရာ စစ်ဆေးခံရသည့်ဝန်ထမ်းအား စွဲချက်မတင်ဘဲ သက်သေအဖြစ်သာ စစ်ဆေးခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ရာထူးမှထုတ်ပယ်ခဲ့ရာ ဝန်ထမ်းက ရာထူးမှထုတ်ပယ်သည့် အမိန့်အပေါ် မကျေနပ်၍ အယူခံဝင်ရောက်ရန်အတွက် သက်သေများ၏ ထွက်ဆိုချက်မှတ်တမ်းနှင့် ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာမိတ္တူတို့ကို ထုတ်ယူခွင့်ပြုပါရန် လျှောက်ထားခဲ့သော်လည်း ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့က ထုတ်ယူခွင့်မပြုခဲ့သည့်အတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဌာနဆိုင်ရာအရေးယူမှု ဖွင့်လှစ်ဆောင်ရွက်သည့် လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မှုမရှိသည့် အတွက် ရာထူးမှထုတ်ပယ်သည့်အမိန့်ကို အာဏာပေးစာချွန်တော်အမိန့်ထုတ်ဆင့်၍ ပယ်ဖျက်ခဲ့ကြောင်း၊

အာဏာပေးစာချွန်တော်အမိန့်အရ ရာထူးမှထုတ်ပယ်သည့်အမိန့်ကို ပယ်ဖျက်ခဲ့သည့် အတွက် သက်ဆိုင်ရာဝန်ကြီးဌာနက အဆိုပါဝန်ထမ်းကို ပြန်လည်ခန့်ထားခဲ့ရာ နိုင်ငံ့ဝန်ထမ်းနည်း ဥပဒေများ၊ နည်းဥပဒေ ၆၈၊ နည်းဥပဒေခွဲ(ခ)၊ နည်းဥပဒေခွဲငယ် (၃) ပါ ပြဋ္ဌာန်းချက်များအရ ရာထူးမှကင်းကွာခဲ့သည့်ကာလကို သတ်မှတ်ခွင့်ပြုရာတွင် ဝန်ထမ်းကကျူးလွန်ခဲ့သည့် အမှုကိစ္စ၏ အတိမ်အနက်ကိုလိုက်၍ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူးက စဉ်းစားချင့်ချိန် ဆုံးဖြတ်ရမည်ဖြစ်သည့်အတွက် ရာထူးမှကင်းကွာခဲ့သည့်နေ့မှ အလုပ်ပြန်လည်ဝင်ရောက်ခဲ့သည့် နေ့မတိုင်မီ တစ်ရက်အထိ ကာလအား နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၁၄ ပါ ခွင့်အမျိုးအစား (၁၀) မျိုး အနက်မှပုဒ်မခွဲ (င) ပါ လစာမဲ့ခွင့်အဖြစ်ခွင့်ပြုနိုင်မည်ဖြစ်ပါကြောင်း ဤအဖွဲ့မှ သဘောထားမှတ်ချက် ပြန်ကြားခဲ့ပါသည်။