ပြည်ထောင်စုအဆင့်အဖွဲ့အစည်း၊ ပြည်ထောင်စုဝန်ကြီးဌာန (၁) ခုတွင် တာဝန်ထမ်းဆောင် လျက်ရှိသော နိုင်ငံ့ဝန်ထမ်းတစ်ဦးအား လုပ်ငန်းလိုအပ်ချက်အရ အခြားသော ပြည်ထောင်စုအဆင့် အဖွဲ့အစည်း၊ ပြည်​ထောင်စုဝန်ကြီးဌာန (၁) ခုရှိ ဝန်ထမ်းဖွဲ့စည်းပုံပါရာထူး (၁)ခု၏ လုပ်ငန်းတာဝန် များကိုပါ ပူးတွဲတာဝန်ထမ်းဆောင်စေမည်ဆိုပါက အဆိုပါဝန်ထမ်းအနေဖြင့် လက်ရှိတာဝန်ထမ်းဆောင် လျက်ရှိသည့် မူလရာထူးအနွယ် (Lien) ၏ လစာနှင့်စရိတ်များအပြင် ပူးတွဲတာဝန်ထမ်းဆောင်ရသော ရာထူး၏ လစာနှင့်စရိတ်များကိုပါ တစ်ပြိုင်တည်း ရယူခံစားနိုင်ခြင်း ရှိ/မရှိကို ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ စိစစ်၍ သဘောထားမှတ်ချက်ပြန်ကြားပေးရန် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ပြည်ထောင်စုရာထူးဝန် အဖွဲ့တို့သို့ မေးမြန်းလာခြင်းကိစ္စ။

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၅၊ နည်းဥပဒေခွဲ (ခ) ပါ ပြဋ္ဌာန်းချက်အရ ပြည်ထောင်စုအဆင့်အဖွဲ့အစည်း၊ ပြည်ထောင်စုဝန်ကြီးဌာန (၁) ခုတွင် အတည်ပြုခန့်ထားခြင်းခံရသော နိုင်ငံ့ဝန်ထမ်းတစ်ဦးအား လုပ်ငန်းလိုအပ်ချက်အရ အခြားသောပြည်ထောင်စုအဆင့်အဖွဲ့အစည်း၊

ပြည်​ထောင်စုဝန်ကြီးဌာန (၁) ခုရှိ ဝန်ထမ်းဖွဲ့စည်းပုံပါရာထူး (၁) ခု၏ လုပ်ငန်းတာဝန်များကိုပါ ပူးတွဲထမ်းဆောင်ရန် တာဝန်ပေးအပ်နိုင်မည်ဖြစ်သော်လည်း အဆိုပါဝန်ထမ်း၏ ရာထူးအနွယ် ပိုင်ဆိုင်ခွင့်မှာမူ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၂၊ ပုဒ်မခွဲ (ဆ) နှင့် နည်းဥပဒေ ၇၊ နည်းဥပဒေခွဲ (က) တို့ပါ ပြဋ္ဌာန်းချက်များအရ အတည်ပြုခန့်ထားခြင်းခံရသော မူလရာထူး၌သာ ဆက်လက်တည်ရှိနေမည် ဖြစ်သည့်အတွက် လစာမှာလည်း အဆိုပါ မူလရာထူး၏ လစာတစ်မျိုးတည်းကိုသာ ခံစားခွင့်ရှိမည် ဖြစ်ကြောင်းနှင့် ပူးတွဲတာဝန်ထမ်းဆောင်ခြင်းအတွက် တာဝန်ပေးအပ်သော ရာထူးအဆင့်ပေါ်တည်မီ၍ ခံစားခွင့့််ရှိသောစရိတ်နှင့်စပ်လျဉ်း၍မူ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ သဘောထားပြန်ကြား ချက်နှင့်အညီ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။