နှစ်တိုးလစာတစ်ကြိမ်ရပ်ဆိုင်းခြင်းပြစ်ဒဏ်ကျခံနေရသည့်ဝန်ထမ်းအား ရာထူး တိုးမြှင့်ခန့်ထားရေး အရည်အချင်းစစ်စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုခွင့် ရှိ/ မရှိ သဘောထားမှတ်ချက် မေးမြန်းလာသည့်ကိစ္စ

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၁၀၊ နည်းဥပဒေခွဲ (ခ)၊ နည်းဥပဒေခွဲငယ် (၃) တွင် “ပြစ်ဒဏ်စောင့်ဆိုင်းဆဲကာလနှင့်ပြစ်ဒဏ်ကာလအတွင်း ရာထူးတိုးမြှင့်မပေးရ” ဟု ပြဋ္ဌာန်း ထားသော်လည်း ရာထူးတိုးမြှင့်ခန့်ထားရေး အရည်အချင်းစစ်စာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့် မပြုရဟု ပြဋ္ဌာန်းထားခြင်းမရှိသည်ကို တွေ့ရှိရပါကြောင်း၊

ဝန်ထမ်းစည်းကမ်းဆိုင်ရာပြစ်ဒဏ်များအနက် နှစ်တိုးလစာရပ်ဆိုင်းခြင်းပြစ်ဒဏ်ချမှတ်ခြင်း နှင့်စပ်လျဉ်း၍ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၃၀၊ ပုဒ်မခွဲ(ခ) တွင် “နှစ်တိုးလစာ ရပ်ဆိုင်းခြင်း ပြစ်ဒဏ်ခံရလျှင် ယင်းသို့ နှစ်တိုးလစာရပ်ဆိုင်းသည့်ကာလအတွင်း ရာထူးတိုးမြှင့်မပေးရ” ဟုသာ ပြဋ္ဌာန်းထားရှိပါကြောင်း၊

ရာထူးတိုးမြှင့်ခြင်းဆိုင်ရာသတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၃၄၊ နည်းဥပဒေခွဲ (င) တွင် “ဝန်ထမ်းတစ်ဦးကို ဌာနဆိုင်ရာစုံစမ်းစစ်ဆေးမှုပြုလုပ် နေစဉ်ကာလအတွင်း ရာထူးတိုးမြှင့်ခန့်ထားရေးအတွက် အရည်အချင်းစစ်ဆေးခြင်းနှင့် တန်းစီ ဇယားတွင် ထည့်သွင်းရေးဆွဲခြင်းပြုလုပ်နိုင်သော်လည်း တာဝန်မှယာယီရပ်ဆိုင်းခြင်းခံနေရခြင်း သို့မဟုတ် ဥပဒေကြောင်းအရ အချုပ်အနှောင်ခံနေရခြင်း သို့မဟုတ် အာမခံဖြင့်လွှတ်ထားခြင်း ခံရသည့်ဝန်ထမ်းကိုမူ ရာထူးတိုးမြှင့်ရေးအတွက် စစ်ဆေးခြင်းနှင့် တန်းစီဇယားတွင် ထည့်သွင်း ရေးဆွဲခြင်းမပြုရ” ဟု ပြဋ္ဌာန်းထားရှိရာ အဆိုပါ ပြဋ္ဌာန်းချက်များတွင် နှစ်တိုးလစာ ရပ်ဆိုင်းခြင်း ပြစ်ဒဏ်ကာလအတွင်း အရည်အချင်းစစ်ဆေးခြင်းနှင့် တန်းစီဇယားတွင် ထည့်သွင်းရေးဆွဲခြင်း မပြုလုပ်ရဟု သတ်မှတ်ပြဋ္ဌာန်းထားခြင်းမရှိပါသဖြင့် နှစ်တိုးလစာ တစ်ကြိမ်ရပ်ဆိုင်းခြင်း ပြစ်ဒဏ် ကျခံနေရသည့်ဝန်ထမ်းအား  တိုးမြှင့်ခန့်ထားမည့်ရာထူးအဆင့်အတွက် သတ်မှတ်ထားသည့် ပညာ အရည်အချင်း၊ ကျွမ်းကျင်မှုအရည်အချင်း၊ ရာထူးသက်၊ လုပ်သက်တို့နှင့် ပြည့်စုံသော်လည်း နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ ရာထူးတိုးမြှင့် ခန့်ထားရေး အရည်အချင်းစစ်စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုခွင့်ပြုရမည်ဖြစ်ပြီး ရာထူးတိုးမြှင့် ခန့်ထားခြင်းကိုမူ ပြစ်ဒဏ်ကာလကုန်ဆုံးပြီးမှသာလျှင် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ဤအဖွဲ့မှ သဘောထားမှတ်ချက်ပြန်ကြားခဲ့ပါသည်။