ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ၊ နည်းဥပဒေ ၂၈ တွင် “ဝန်ထမ်း၏ တာဝန် ထမ်းဆောင်မှုအတွက် ချီးမြှင့်သည့်သဘောဖြင့် ရာထူးတိုးမြှင့်ပေး လိုသည့်အခါ ပြည်ထောင်စု အစိုးရအဖွဲ့သည် သတ်မှတ်ထားသည့် အနည်းဆုံးလိုအပ်သော ပညာအရည်အချင်းနှင့် ကျွမ်းကျင်မှု အရည်အချင်းတို့ကို လျှော့ပေါ့နိုင်သည်” ဟုပြဋ္ဌာန်းထားပါကြောင်း၊
နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၂၃ တွင် “ဝန်ထမ်းကို ရာထူးတိုးမြှင့်ခန့်ထားရေးအတွက် အနည်းဆုံးလိုအပ်သော ပညာအရည်အချင်း၊ ကျွမ်းကျင်မှုအရည်အချင်း၊ ရာထူးသက်နှင့် လုပ်သက် တို့သည် ဝန်ထမ်းအဖွဲ့အစည်းအလိုက် ရာထူးအမျိုးအစားကိုမူတည်၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် သတ်မှတ်ထားသည့်အတိုင်းဖြစ်သည်”ဟု လည်းကောင်း၊
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၃၄၊ နည်းဥပဒေခွဲ (ဃ) တွင် “ရာထူး၏ လုပ်ငန်းသဘာဝအလိုက် အနည်းဆုံးလိုအပ်သည့် ပညာအရည်အချင်း၊ ကျွမ်းကျင်မှုအရည်အချင်း တို့ကို သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းသည် ယင်းတို့၏ လိုအပ်ချက်နှင့်အညီ ပြည်ထောင်စုအစိုးရ အဖွဲ့၏ အတည်ပြုချက်ရယူသတ်မှတ်ရမည်” ဟု လည်းကောင်း ပြဋ္ဌာန်းထားပါကြောင်း၊
သို့ဖြစ်ပါ၍ ပညာအရည်အချင်းသတ်မှတ်ချက်ကို လျှော့ပေါ့၍ ရာထူးတိုးမြှင့်ခံစားခွင့် ပြုလိုပါက ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခွင့်ပြုချက်ရယူရမည်ဖြစ်ပါကြောင်း ဤအဖွဲ့မှ သဘောထားမှတ်ချက်ပြန်ကြားခဲ့ပါသည်။