ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ အာဏာပိုင်မေးစာချွန်တော်အမိန့်နှင့်အညီ ဝန်ထမ်း အား မူလရာထူးသို့ ပြန်လည်ခန့်အပ်ခဲ့ပြီးဖြစ်သော်လည်း “ဝန်ထမ်းအဖြစ်မှထုတ်ပစ်သည့်ရက်မှ ပြန်လည်ခန့်အပ်သည့်ရက်အထိ စုစုပေါင်း (၂) နှစ် (၃) လ ကျော်ကာလအတွက် လစာ၊ စရိတ်နှင့် အကျိုးခံစားခွင့်များခံစားခွင့်ပြုရေး” နှင့်စပ်လျဉ်း၍ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများနှင့်အညီ ဌာနဆိုင်ရာ စစ်ဆေးရေးအဖွဲ့မှ စုံစမ်းစစ်ဆေးမှု ပြီးဆုံးပြီးနောက် ဌာနဆိုင်ရာစစ်ဆေးမှုနှင့်စပ်လျဉ်းသည့် အမိန့် ချမှတ်ပြီးမှသာ ၎င်းနှင့်သင့်လျော်သည့် အပြစ်အတိမ်အနက်အပေါ်မူတည်၍ လစာ၊ စရိတ်နှင့် အကျိုး ခံစားခွင့်များအား ထုတ်ယူခွင့်ပြုရန်သင့်- မသင့်နှင့် ဌာနဆိုင်ရာ စစ်ဆေးရေးအဖွဲ့မှ စုံစမ်းစစ်ဆေးမှု ပြုလုပ်နေစဉ်ကာလအတွင်း ၎င်း၌အပြစ် ရှိ – မရှိ အမိန့်တစ်စုံတစ်ရာချမှတ်ခြင်းမပြုရသေးမီ လစာ၊ စရိတ်နှင့် အကျိုးခံစားခွင့်များအား ထုတ်ပေးရန်သင့် မသင့် စသည့် နည်းလမ်း (၂) ခု အနက် မည်သည့်နည်းလမ်းဖြင့် ဆောင်ရွက်ရမည်ကို သဘောထားမှတ်ချက်မေးမြန်းခြင်းကိစ္စ။

ဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းအား ၁၇-၁၀-၂၀၁၆ ရက်နေ့မှစ၍ ချမှတ်ခဲ့သည့် ဝန်ထမ်း အဖြစ်မှထုတ်ပစ်ခြင်းပြစ်ဒဏ်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ အာဏာပိုင်မေး စာချွန်တော် အမိန့်အရ ပြစ်ဒဏ်ပယ်ဖျက်၍ မူလရာထူးသို့ ပြန်လည်ခန့်အပ်ခဲ့ရာတွင် ဌာနဆိုင်ရာအရေးယူမှုကို ထပ်မံပြုလုပ်ရန်မလိုအပ်ဘဲ အပြစ်ကင်းရှင်းစွာဖြင့် ပြန်လည်ခန့်အပ်ခဲ့ခြင်းဖြစ်ပါက နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ၊ နည်းဥပဒေ ၆၈၊ နည်းဥပဒေခွဲ (က)ပါ ပြဋ္ဌာန်းချက်အရ ရာထူးမှကင်းကွာနေခဲ့သည့် ကာလအတွက် ခံစားခွင့်ရှိမည်ဖြစ်သော လစာအပြည့်နှင့်စရိတ်တို့ကို ပြန်လည်ထုတ်ယူခွင့်ပြုရမည့် အပြင် ရာထူးမှကင်းကွာနေခဲ့ရသည့်ကာလကို တာဝန်ချိန်အဖြစ် သတ်မှတ်ရမည်ဖြစ်ပါသည်။

သို့ရာတွင် ဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းအား ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်ဒဏ်တစ်ရပ်ရပ် ဖြင့် အရေးယူရန်လိုအပ်ပါက  နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများပါပြဋ္ဌာန်းချက်များ နှင့်အညီ နည်းလမ်းတကျ ဌာနဆိုင်ရာစစ်ဆေးမှု ထပ်မံဖွင့်လှစ်ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် ဌာနဆိုင်ရာစစ်ဆေးမှုပြီးဆုံးပြီးနောက် ထိုက်သင့်သော ဝန်ထမ်းစည်းကမ်းဆိုင်ရာပြစ်ဒဏ်ကိုချမှတ် ပြီးမှသာ ချမှတ်ခဲ့သည့်ပြစ်ဒဏ်၏အတိမ်အနက်ပေါ်မူတည်၍ ရာထူးမှကင်းကွာခဲ့သည့်ကာလအတွက် လစာ၊ စရိတ်နှင့် အကျိုးခံစားခွင့်များကို နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၆၈၊ နည်းဥပဒေခွဲ (ခ) ပါ ပြဋ္ဌာန်းချက်အရ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူးက သတ်မှတ်ခွင့်ပြုရမည်ဖြစ်ပါသည်။