တရားရုံးမှ ပြစ်မှုဆိုင်ရာ ဥပဒေအရ အရေးယူခြင်းနှင့် ထောင်ဒဏ်အပြစ်ပေးခြင်းခံရသော ဝန်ထမ်းအား ရာထူးမှထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်း ပြစ်ဒဏ်ချမှတ်ရမည်ဟူ၍ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများတွင် ပြဋ္ဌာန်းထားခြင်းမရှိပါသဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၆၄ နှင့် နည်းဥပဒေ ၁၆၉၊ နည်းဥပဒေခွဲ (က) တို့ပါ ပြဋ္ဌာန်းချက်များအရ ဝန်ထမ်းကျူးလွန်ခဲ့သည့် ပြစ်မှုနှင့် တရားရုံးမှ ချမှတ်ခဲ့သည့် ပြစ်ဒဏ်တို့ကို ထောက်ရူ၍ စီမံခန့်ခွဲရေးဆိုင်ရာ လိုအပ်ချက်အရ ဝန်ထမ်းဆိုင်ရာ ပြစ်ဒဏ် ချမှတ်ရန် သင့်/ မသင့် စဉ်းစားဆုံးဖြတ်နိုင်ရန်အလို့ငှာ ဌာနဆိုင်ရာအရေးယူခြင်းကို နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ အခန်း (၁၆) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီး ပြစ်ဒဏ် ချမှတ်မည်ဆိုပါက နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၅၃ပါ ပြစ်ဒဏ် (၉) မျိုးအနက်မှ သင့်လျော်သည့် ပြစ်ဒဏ်ကိုချမှတ်နိုင်ရန် ဖြစ်စဉ်ဖြစ်ရပ်အသေးစိတ်နှင့် ပြစ်မှုအတိမ်အနက်ကိုသိရှိသည့် သက်ဆိုင်ရာ ဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုနည်းလမ်းအရ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊
တရားရုံးမှ ပြစ်မှုဆိုင်ရာဥပဒေအရ အရေးယူခြင်းနှင့် ထောင်ဒဏ်အပြစ်ပေးခြင်းခံရသော ဝန်ထမ်းအား တာဝန်မှယာယီရပ်ဆိုင်းထားခြင်းသည် ယင်းအား ရာထူးအနွယ်ရပ်စဲစေသည့် ရာထူးမှ ထုတ်ပယ်ခြင်း သို့မဟုတ် ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်း ပြစ်ဒဏ်တစ်ရပ်ရပ် ချမှတ်ထားခြင်း မဟုတ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၇၊ နည်းဥပဒေခွဲ (ဆ) အရ ရာထူးအနွယ် ပိုင်ဆိုင်ခွင့် ဆက်လက်တည်ရှိနေမည်ဖြစ်ပါသဖြင့် ဝန်ထမ်းအဖြစ် ဆက်လက်တည်ရှိနေမည် ဖြစ်ပါကြောင်း ဤအဖွဲ့မှ သဘောထားမှတ်ချက် ပြန်ကြားခဲ့ပါသည်။