အပြည်ပြည်ဆိုင်ရာ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် နိုင်ငံတကာအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များ
၁။ ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (United Nations Development Programme-UNDP)၊ EU(GOPA)၊ ကမ္ဘာ့ဘဏ် (World Bank)၊ Hanns Seidel Foundation၊ ကုလသမဂ္ဂ-အာရှနှင့် ပစိဖိတ်ဒေသသတင်းနှင့် ဆက်သွယ်ရေးနည်းပညာ ဆိုင်ရာသင်တန်းဌာန (United Nations Asia-Pacific Centre of Information and Communication Technology-UNAPCICT)၊ ထိုင်းနိုင်ငံ၊ (Dhurakij Pundit University-DPU) နှင့်ကိုရီးယား သမ္မတနိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Korea International Cooperation Agency – KOICA) စသည့် နိုင်ငံတကာအဖွဲ့အစည်းအသီးသီးဖြင့် နိုင်ငံ့ဝန်ထမ်းကဏ္ဍပြုပြင်ပြောင်းလဲမှုများ၊ နိုင်ငံ့ဝန်ထမ်း ရေးရာကိစ္စရပ်များ၊ လေ့ကျင့်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ပူးပေါင်းဆောင်ရွက်လျက်ရှိပါ သည် –
(က) ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (United Nations Development Programme – UNDP)နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် ဝန်ထမ်းရေးရာကိစ္စများ ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ
(၁) နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲမှုဆိုင်ရာမဟာဗျူဟာစီမံချက် (Civil Service Reform Strategic Action Plan) ရေးဆွဲခြင်း
ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (United Nations Development Programme –UNDP) ၏ ကူညီပံ့ပိုးမှုဖြင့် နိုင်ငံ့ဝန်ထမ်းများ၏ ကိုယ်ကျင့်သိက္ခာ၊ အရည်အချင်းအလိုက် ချီးမြှင့် မြှောက်စားမှုနှင့် တန်းတူအခွင့်အရေးများဆိုင်ရာ သဘောထားအမြင်စစ်တမ်း (Perception Survey on Ethics, Equal Opportunities and Meritocracy in the Myanmar Civil Service) အတွက် ဗဟိုဝန်ထမ်း တက္ကသိုလ်(၂)ခု၌ ၂၀၁၅ ခုနှစ်၊ ဇွန်လမှ သြဂုတ်လအထိ ဖွင့်လှစ်ခဲ့သော ပုံမှန် သင်တန်းများတွင် တက်ရောက်ခဲ့သည့် သင်တန်းသား (၂၀၁၀)ဦးကို စစ်တမ်း မေးခွန်းလွှာ (Survey Questionnaire) များ ကောက်ယူခြင်း၊ ဦးတည် အုပ်စုလိုက် ဆွေးနွေးခြင်းများကို ပြုလုပ်ခဲ့ရာ ၎င်းစစ်တမ်းအစီရင်ခံစာတွင် ပြည်သူ့ဝန်ထမ်းစနစ်များနှင့် ဥပဒေ၊ မူဝါဒပိုင်းဆိုင်ရာတို့ကို ပြန်လည်သုံးသပ် ပြင်ဆင်ခြင်းများ ဆောင်ရွက်ရန် အကြံပြုထားကြောင်း တွေ့ရှိရသဖြင့် နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက် (Civil Service Reform Strategic Action Plan) ကို ရေးဆွဲနိုင်ရန် ဆောင်ရွက်လျက်ရှိ ပါသည်။
ထို့အပြင် ပြည်သူ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှု မဟာဗျူဟာရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုအစည်းအဝေး(The Preparatory Meeting to Conduct Consultative Workshop for the Civil Service Reform Strategic Action Plan ) ကို ၁၆-၆-၂၀၁၆ ရက်နေ့တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး၊ နေပြည်တော်၌ကျင်းပခဲ့ရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင်များ၊ ဥက္ကဋ္ဌ ရုံးအဖွဲ့၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဦးစီးဌာန၊ ဝန်ထမ်းရေးရာဦးစီးဌာနနှင့် ဗဟိုဝန်ထမ်းတက္ကသိုလ်(၂)ခုမှ ကိုယ်စားလှယ် စုစုပေါင်း (၂၀) ဦးနှင့် ကုလ သမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (United Nations Development Programme – UNDP) ဘက်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။
အဆိုပါ စီမံချက်ရေးဆွဲရေးအတွက် ပထမအကြိမ် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်မှ ၂၆ ရက်နေ့ထိ နေပြည်တော်၌ ကျင်းပခဲ့ရာ ကိုယ်စားလှယ် (၁၃၀)ဦးမှလည်းကောင်း၊ ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့မှ ၁၇ ရက်နေ့ထိ နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် တောင်ကြီးမြို့တို့၌ ကျင်းပခဲ့ရာ ကိုယ်စားလှယ် (၃၅၂) ဦးမှ လည်းကောင်း၊ တတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့ရာ ကိုယ်စားလှယ် (၄၀၀)ဦးမှ လည်းကောင်း အသီးသီး တက်ရောက်ခဲ့ပြီး တက်ရောက်ခဲ့သည့် ကိုယ်စားလှယ်များမှာ ဝန်ကြီးဌာန အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ ကိုယ်စားလှယ်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်တွင်း၊ ပြည်ပပညာရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့မှ တက်ရောက် ခဲ့ပါသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲများတွင် အဓိက Theme ၄ ခု ဖြစ်သော (၁) နိုင်ငံ့၀န်ထမ်းအုပ်ချုပ်ရေးလုပ်ငန်းစဉ်သစ် ( New Civil Service Governance)၊ (၂) အရည်အချင်းနှင့် လုပ်ငန်းစွမ်းဆောင်ရည်အခြေခံသော အလေ့အထနှင့်စနစ်များဆီသို့ ဦးတည်ရေး (Merit-based and Performance – driven Culture and Systems) ၊ (၃) လူထုဗဟိုပြု နိုင်ငံ့ဝန်ထမ်းများ ဖြစ် လာစေရန် ခေါင်းဆောင်မှုပေးနိုင်သည့် အရည်အသွေးများနှင့် စွမ်းဆောင်ရည် များကို မြှင့်တင်ခြင်း (People – centered Civil Service Leadership and Capacity Development)၊ (၄) နိုင်ငံ့၀န်ထမ်းကဏ္ဍ၏ ပွင့်လင်း မြင်သာမှုနှင့် တာ၀န်ခံမှု/ တာဝန်ယူမှု (Transparency and Accountability in the Civil Service) တို့ကို Action Plan Logframe Zero Draft နှင့် 1st Draft ပြုစုထားရှိမှုအပေါ် အသေးစိတ်ဆွေးနွေးပြီး Logframe 2 nd Draft ပြုစုခဲ့ကြပါသည်။
ယခုဆက်လက်၍ CSR- Strategic Action Plan ရေးဆွဲရာတွင် ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိသော ပြည်ပပညာရှင်ဖြစ်သူ နယူးဇီလန် နိုင်ငံ၊ နိုင်ငံ့ဝန်ထမ်းကော်မရှင်မှ ယခင် ဒုတိယကော်မရှင်နာမင်းကြီး Mr. Ryan Orange သည် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက် မှ ၁၀ရက်ထိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ဝန်ကြီးဌာနအဖွဲ့အစည်း (၁၁) ခုမှ ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များအား တွေ့ဆုံ၍ CSR Strategic Action Plan Logframe 2nd Draft အပေါ် အကြံပြုဆွေးနွေးချက်များ တောင်းခံ ခဲ့ပြီး CSR Strategic Action Plan Logframe 3rd Draft (Final Draft) ကို အပြီးသတ် ရေးဆွဲ၍ လွှတ်တော်ရုံးများ၊ ဗဟိုအဖွဲ့အစည်းနှင့် ဝန်ကြီးဌာန (၃၆)ခု၊ တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၄)ခုနှင့် နေပြည်တော်ကောင်စီ၊ (နေပြည်တော်၊ ရန်ကုန်၊ မန္တလေး) စည်ပင်သာယာရေးကော်မတီ (၃) ခုတို့အား ပေးပို့ဖြန့်ဝေ၍ အကြံပြုချက်များ ပြန်လည်ရယူလျက်ရှိပါသည်။
၎င်းအပြင် အဆိုပါ CSR Logframe Third Draft ကို ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ Website များဖြစ်သည့် www.ucsb.gov.mm နှင့် ucsb.imis.com.mm တွင် လည်းကောင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ Facebook Account Name ဖြစ်သည့် Ucsb Myanmar နှင့် facebook page name ဖြစ်သည့် Union Civil Service Board Myanmar တွင် လည်းကောင်း လွှင့်တင်ထားရှိပါသဖြင့် အများ ပြည်သူနှင့် လွှတ်တော်ရုံးများ၊ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှ အရာထမ်း၊ အမှုထမ်းများအား အဆိုပါ Website၊ Facebook များတွင်လည်း ဝင်ရောက် ကြည့်ရှုနိုင်ပါကြောင်းနှင့် အများပြည်သူများအနေဖြင့် သော်လည်းကောင်း၊ ဌာနအလိုက်သော်လည်းကောင်း၊ ဝန်ထမ်းတစ်ဦးချင်းအနေဖြင့်သော် လည်းကောင်း အကြံပြုချက်ပေးပို့လိုပါက myanmar.civilservicere form@gmail. com သို့ ရေးသားပေးပို့နိုင်ကြောင်းကို ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ၃၁-၃-၂၀၁၇ ရက်နေ့ရက်စွဲပါ အမှာစာဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေ အသိပေး အကြောင်းကြားထားပြီး ပြည်သူများ၏ အကြံပြုချက်များ၊ မှတ်ချက်များအားလုံးကို အပြည့်အဝ လျှို့ဝှက်ထိန်းသိမ်းပြီး နိုင်ငံ့ ဝန်ထမ်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက် စာတမ်းတစ်ခုလုံးအား ပြန်လည်သုံးသပ် အတည်ပြုရန်အတွက်သာ အသုံးပြုသွားမည်ဖြစ်ပါကြောင်းကို နိုင်ငံတော်ပိုင် သတင်းစာများဖြစ်သည့် မြန်မာ့အလင်း၊ ကြေးမုံနှင့် The Global New Light of Myanmar တို့တွင် မြန်မာ၊ အင်္ဂလိပ်(၂) ဘာသာဖြင့် ဆောင်းပါးရေးသားပြီး ပြည်သူအား အသိ ပေးပြီးဖြစ်ပါသည်။
ဆက်လက်၍ နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲမှု မဟာဗျူဟာလုပ်ငန်း အစီအစဉ်နှင့်ပတ်သက်၍ Civil Service Reform Strategic Action Plan ကို အပြီးသတ်ရေးဆွဲပြီးပါက နိုင်ငံတော်သမ္မတရုံးသို့ အတည်ပြုချက်ရယူ၍ ၂၀၁၇ ခုနှစ် ၊ ဇူလိုင်လတွင် ပြည်သူအား အသိပေးသွားမည်ဖြစ်ပါသည်။
(၂) နိုင်ငံ့ဝန်ထမ်းများအတွက် လုပ်ငန်းကျွမ်းကျင်မှု အရည်အသွေး သတ်မှတ်ချက် မူဘောင် (Civil Service Competency Framework) ရေးဆွဲခြင်း
CSR-Strategic Action Plan ရေးဆွဲရာတွင် အထောက်အကူ ဖြစ်စေမည့် နိုင်ငံ့ဝန်ထမ်းများအတွက် လုပ်ငန်းကျွမ်းကျင်မှု အရည်အသွေး သတ်မှတ်ချက်မူဘောင် (Civil Service Competency Framework) ရေးဆွဲခြင်းကိုလည်း ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (United Nations Development Programme – UNDP) နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နှင့် ၃ ရက်နေ့ များတွင် ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၌ ဖွင့်လှစ်လျက်ရှိသော အဆင့်မြင့်အရာထမ်းစီမံခန့်ခွဲမှုသင်တန်း၊ အမှတ်စဉ်(၇)တွင် တက်ရောက်ခဲ့ သော သင်တန်းသား(၅၃)ဦးနှင့် နိုဝင်ဘာလ ၄ ရက်နေ့မှ ၉ ရက်နေ့အထိ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ဝန်ထမ်းအဖွဲ့ အစည်း အကြီးအမှူး (၅၇)ဦးတို့အား မေးခွန်းများ ဖြေဆိုစေခြင်းနှင့် တွေ့ဆုံမေးမြန်းခြင်း တို့ကို လည်းကောင်း၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နှင့် ၇ ရက်တို့၌ နေပြည်တော်၊ ရွှေစံအိမ်ဟိုတယ်၌ ကျင်းပခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲကို ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ (၁၂၀)ဦးဖြင့် လည်းကောင်း၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက် တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ တာဝန် ရှိသူများဖြင့်လည်းကောင်း၊ ပြည်ပပညာရှင်အဖွဲ့တို့ တွေ့ဆုံ၍ လုပ်ငန်း ကျွမ်းကျင်မှု အရည်အသွေးသတ်မှတ်ချက် မူဘောင်(မူကြမ်း)အပေါ် သဘော ထားအမြင်ခြင်း ဖလှယ်ခဲ့ကြပါသည်။ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက် မြန်မာပြည်)၌ ဖွင့်လှစ်ခဲ့သော အဆင့်မြင့် အရာထမ်းစီမံ ခန့်ခွဲမှုသင်တန်းတွင် ချပြဆွေးနွေးခြင်း၊ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးအဆင့်၊ အကြီးအကဲများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြား ရေးမှူးချုပ်များအား တွေ့ဆုံဆွေးနွေး အကြံပြုချက်များရယူ၍ အပြီးသတ် ပြုစုထုတ်ပြန်နိုင်ရေး ဆက်လက်ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါသည်။
(၃)ခေါင်းဆောင်မှုစွမ်းရည် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒစာတမ်း (Leadership Development Scheme) ပြုစုဆောင်ရွက်မှု အခြေအနေနှင့် ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းများ
CSR – Strategic Action Plan ကို အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ပြီး အဆင့်မြင့်အရာရှိများအား ခေါင်းဆောင်မှုစွမ်းရည် မြှင့်တင်ပေးရန် အတွက် ခေါင်းဆောင်မှုစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒစာတမ်း (Leadership Development Scheme) ပြုစုရေးဆွဲရန် ပထမအကြိမ် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၆ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့တွင် နေပြည်တော်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အစည်းအဝေးခန်းမ၌ ကိုယ်စား လှယ်(၂၂)ဦးဖြင့်လည်းကောင်း၊ ဒုတိယအကြိမ် အလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၁၆ခုနှစ် ၊ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် နေပြည်တော်၊ ရွှေနန်းတော်ဟိုတယ်၌ ကိုယ်စားလှယ် (၂၇)ဦးဖြင့် လည်းကောင်း အသီးသီးကျင်းပခဲ့ရာ ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မ ရှင်ရုံးနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့တို့မှ ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးခဲ့ ပါသည်။
ဆက်လက်၍ ပြည်ပပညာရှင်ဖြစ်သူ ကနေဒါနိုင်ငံ၊ Institute on Governance မှ Senior Advisor၊ Mr. Michael O’Neill သည် မြန်မာနိုင်ငံသို့ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ ၂၂ ရက်နေ့အထိ လာရောက်စဉ်အတွင်း ယခင်ကျင်းပခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲများမှ ရရှိ ထားသော မူဝါဒစာတမ်း (မူကြမ်း)နှင့် ပတ်သက်၍ ဝန်ကြီးဌာန၊ အဖွဲ့အစည်း များမှ အဆင့်မြင့်အရာရှိကြီးများနှင့် တွေ့ဆုံဆွေးနွေး၍ အကြံပြုချက်များ ရယူပြီးနောက် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ ကျင့်သုံးနိုင်ရေး ဆက်လက် ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။
(၄) ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေ၊နည်းဥပဒေများ ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများအား ပြန်လည်သုံးသပ်မှု အခြေအနေနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (United Nations Development Programme–UNDP)တို့၏ ပူးပေါင်း ဆောင်ရွက်မည့် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများအား ပြန်လည်သုံးသပ်ခြင်း (Civil Service Regulations and Procedural Review) ကို ဆောင်ရွက်ရန် အတွက် ပြည်ပပညာရှင်ဖြစ်သူ Ms. Fainula Redriguez သည်၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃)ရက်နေ့မှ (၂၀)ရက်နေ့ထိ မြန်မာနိုင်ငံသို့ လာရောက်ရန် ရှိရာ ပြည်တွင်းအဆင့်မြင့်အကြံပေးပုဂ္ဂိုလ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးမှ အဖွဲ့ဝင်ဟောင်း ဦးမြသိန်းနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ တာဝန်ရှိ သူများ ပါဝင်ပြီး အတူတကွ လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ရန်ရှိရာ နေပြည်တော်ရှိ သင့်လျော်သော ဝန်ကြီးဌာန အဖွဲ့အစည်းများမှ ဝန်ထမ်း အဖွဲ့အစည်းအကြီးအမှူးများနှင့် တွေ့ဆုံမေးမြန်းခြင်းများ ပြုလုပ်ပြီးနောက် ပြင်ဆင်ပြဋ္ဌာန်းရန် လိုအပ်ပါက လုပ်ထုံးလုပ် နည်းနှင့်အညီ ပထမဦးစွာ ရှေ့နေ ချုပ်ရုံးသို့ သဘောထားမှတ်ချက် မေးမြန်းခြင်း၊ နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခြင်း၊ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီသို့ တင်ပြခြင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသို့ တင်ပြခွင့်ပြုချက်ရယူပြီး၊ လွှတ်တော် သို့ တင်သွင်းနိုင်ရန်အတွက် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
(၅) ကိုယ်ကျင့်သိက္ခာ၊ အရည်အချင်းအလိုက် ချီးမြှင့်မြှောက်စားမှုနှင့် တန်းတူ အခွင့်အရေးရရှိမှုများကို တိုးတက်စေခြင်းဖြင့် ထက်သန်တက်ကြွမှုကို အားပေးခြင်း ဆိုင်ရာ အသိပညာမျှဝေမှုဖိုရမ်နှင့် အာဆီယံနိုင်ငံများဖြင့် အမြင်ချင်း ဖလှယ်သည့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခြင်းနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်
နိုင်ငံ့ဝန်ထမ်းကဏ္ဍတွင် ကိုယ်ကျင့်သိက္ခာ၊ အရည်အချင်းအလိုက် ချီးမြှင့်မြှောက်စားမှုနှင့် တန်းတူအခွင့်အရေးရရှိမှုများကို တိုးတက်စေခြင်းဖြင့် ထက်သန်တက်ကြွမှုကို အားပေးခြင်းဆိုင်ရာ အသိပညာမျှဝေမှုဖိုရမ်ကို နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ၁၆-၁၂-၂၀၁၆ ရက်နေ့ တွင် လည်းကောင်း၊ အာဆီယံနိုင်ငံများတွင် ကျင့်သုံးလျက်ရှိသည့် နိုင်ငံ့ဝန်ထမ်း များ၏ ကျင့်ဝတ်၊ တန်းတူညီမျှ အခွင့်အရေးနှင့် အရည်အချင်းပေါ်မူတည်၍ တာဝန်ပေးအပ်ခြင်းတို့နှင့်စပ်လျဉ်း၍ အမြင်ခြင်းဖလှယ်သည့် အလုပ်ရုံဆွေးနွေး ပွဲကို နေပြည်တော် Park Royal Hotel ၌ ၁၇-၁၂-၂၀၁၇ ရက်နေ့တွင် လည်းကောင်း အသီးသီးကျင်းပခဲ့ရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဗဟိုအဖွဲ့ အစည်းများနှင့် ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်မှ ကိုယ်စားလှယ်များ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် အစိုးရအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ပြည်တွင်း၊ ပြည်ပအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာရှင်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံရှိ နိုင်ငံခြားသံရုံးများ၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် အာဆီယံအတွင်းရေးမှူး ချုပ်ရုံးတို့မှ ကိုယ်စားလှယ် (၄၀၀)ဦးခန့်ဖြင့် အောင်မြင်စွာ ကျင်းပပြီးစီး ခဲ့ပါသည်။ ဆက်လက်၍ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (United Nations Development Programme – UNDP) အစီအစဉ်ဖြင့် Public Service Motivation အလုပ်ရုံဆွေးနွေးပွဲကို ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ မြန်မာ နိုင်ငံအနေဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အာဆီယံနိုင်ငံ့ဝန်ထမ်း ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (ASEAN Cooperation on Civil Service Matters-ACCSM) ၏ Work Plan (2016-2020) အောက်ရှိ Activities တစ်ခုအနေဖြင့် ကျင်းပရန်လျာထားပြီး ACCSM အဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်များအား ဖိတ်ကြားဆောင်ရွက်သွားရန် ညှိနှိုင်း စီစဉ် ထားပြီး ၂၀၁၇ ခုနှစ် ၊ဇူလိုင်လတွင်ကျင်းပရန်စီစဉ်ထားပါသည်။
(၆) ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသိမ်း ဦးဆောင်၍ နယူးဇီလန် နိုင်ငံ၏ နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲမှုဆိုင်ရာ လေ့လာရေးခရီးစဉ်သို့ သွားရောက်ခြင်း
နယူးဇီလန်နိုင်ငံ၊နိုင်ငံ့ဝန်ထမ်းရေးရာကော်မရှင်၏ဖိတ်ကြားချက်၊ ကုလ သမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်(UNDP)၏ ကူညီပံ့ပိုးမှုဖြင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသိမ်း ဦးဆောင်၍ ဗဟိုအဖွဲ့အစည်း၊ ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီး၊ အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ် အဆင့်နှင့် အဆင့်မြင့်အရာထမ်း ကိုယ်စားလှယ်စုစုပေါင်း (၁၂)ဦး ပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် နယူးဇီလန်နိုင်ငံ၊ ဝယ်လင်တန်မြို့တွင် ၂၀၁၇ ခုနှစ်၊ မေလ(၈)ရက်နေ့မှ (၁၂)ရက်နေ့အထိ နယူးဇီလန်နိုင်ငံ၏ နိုင်ငံ့ဝန်ထမ်း ပြုပြင် ပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းစဉ်များကို သွားရောက်လေ့လာခဲ့ကြရာ အဆိုပါ လေ့လာရေးခရီးစဉ်မှ နယူးဇီလန်နိုင်ငံ၏ အုပ်ချုပ်မှုပုံစံ၊ နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှုနှင့် နိုင်ငံ့ဝန်ထမ်းရေးရာကော်မရှင်၏ အခန်းကဏ္ဍ၊ နိုင်ငံ့ဝန်ထမ်း ရေးရာကော်မရှင်၏ ပြုပြင်ပြောင်းလဲမှု၊ အီလက်ထရောနစ် နည်းပညာအသုံးပြု၍ လေ့လာသင်ယူခြင်း၊ ဗစ်တိုးရီးယားတက္ကသိုလ်မှ အာဆီယံနိုင်ငံများအတွက် ကာလတို သင်တန်းများပေးခြင်း၊ အဆင့်မြင့်အရာရှိကြီး များ၏ နယူးဇီလန်နိုင်ငံ၏ နိုင်ငံ့ဝန်ထမ်းတွင် ပါဝင်ဆောင်ရွက်မှု၊ နိုင်ငံ့ဝန်ထမ်းရေးရာကော်မရှင်၏ ခေါင်းဆောင်မှု အခန်းကဏ္ဍ၊ နယူးဇီလန်နိုင်ငံ ဝန်ထမ်းစနစ်တွင် ဖြောင့်မတ် မှန်ကန်စွာဖြင့် ပြည်သူအားဝန်ဆောင်မှုပေးသည့် လုပ်ငန်းစဉ်များကို လေ့လာခဲ့ ကြပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများတွင် ပြဌာန်းထားရှိသောဝန်ထမ်းရေးရာ ခံစားပိုင်ခွင့်များ၊ ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများနှင့်စပ်လျဉ်း၍ ပြန်လည်သုံးသပ်ရန် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌသည် နယူးဇီလန်နိုင်ငံ၏ နိုင်ငံ့ဝန်ထမ်းရေးရာ ကော်မရှင်၏ ဥက္ကဋ္ဌနှင့်လည်းကောင်း၊ ဝန်ကြီးအဆင့်ရှိ ပုဂ္ဂိုလ်များနှင့်လည်းကောင်း တွေ့ဆုံ၍ အမြင်ချင်းဖလှယ် ဆွေနွေးခဲ့ကြပါသည်။
(၇) ပြည်သူများ၏ သဘောထားအမြင်စစ်တမ်း (Public Perception Survey) မြန်မာနိုင်ငံ နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲမှု မဟာဗျူဟာစီမံချက်တွင် ပါရှိသည့် ရွေးချယ်လုပ်ဆောင်မည့်နယ်ပယ် – ၃ လူထုဗဟိုပြုနိုင်ငံ့၀န်ထမ်းများ ဖြစ်လာစေရန် ခေါင်းဆောင်မှုပေးနိုင်သည့်အရည်အသွေးများနှင့် စွမ်းဆောင်ရည်များကို မြှင့်တင် ခြင်း ၏ စတင်ဆောင်ရွက်မည့် လုပ်ငန်းနယ်ပယ် ၃.၁.၄ တွင် ထည့်သွင်းထားသည့် ပြည်သူ ဗဟိုပြုချဉ်းကပ်ခြင်းနှင့် အုပ်ချုပ်ရေးတွင် ပြည်သူ၏ ယုံကြည်မှုရရှိ စေခြင်းတို့ ပါဝင်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှုအတွက် စောင့်ကြည့် စစ်ဆေးနိုင်မည့်မူများကို အခြေခံလုပ်ငန်း ဆောင်ရွက်နိုင်ရန်လည်း ဖော်ပြထားရာ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများနှင့် ပြည်သူ့ဝန်ဆောင်မှုများတွင် ယုံကြည်မှု၊ သိက္ခာရှိမှု၊ အရည်အချင်းအပေါ် အခြေခံမှု၊ တန်းတူညီမျှရှိမှုနှင့် အားလုံးပါဝင် နိုင်ရေးအတွက် ပြည်ထောင်စု ရာထူးဝန်အဖွဲ့နှင့် UNDP တို့ ပူးပေါင်းပြီး ပြည်သူများ၏ သဘောထားအမြင်စစ်တမ်း (Public Perception Survey) ကို ၂၀၁၇ ခုနှစ်အတွင်း ကောက်ယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ပြည်သူများ ၏ သဘောထားအမြင်စစ်တမ်း (Public Perception Survey) ကို ပြည်ထောင်စု ရာထူးဝန်အဖွဲ့က ဦးဆောင်၍ ဆက်စပ်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ ပါဝင်ပြီး UNDP ၏ ပံ့ပိုးကူညီမှုဖြင့် (၂)နှစ် တစ်ကြိမ်ပြုလုပ်ခြင်း၊ တိုင်းရင်းသား လူမျိုးပေါင်းစုံပါဝင်သော ပြည်သူ့ဝန်ထမ်းများမဟုတ်သည့် နိုင်ငံတစ်ဝန်းရှိ အမျိုးသား၊ အမျိုးသမီးများကို စစ်တမ်းကောက်ခြင်း၊ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများအတွက် လာဘ်ပေး လာဘ်ယူမှု၊ ဘက်လိုက်မှု၊ သြဇာလွှမ်းမိုး၍ မလျော် သြဇာသုံးမှု ရှိ-မရှိ တို့ကို ဆန်းစစ်ခြင်း၊ ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းများသည် တုံ့ပြန်မှု မြန်ဆန်ခြင်း ရှိ-မရှိ နှင့် လူမျိုး၊ ကျား-မ မရွေး တန်းတူရရှိခြင်း ရှိ-မရှိ ကို မေးမြန်းခြင်း၊ စစ်တမ်းကို လူဦးရေ (၂၀၀၀)ခန့်အား ကောက်ယူရာတွင် ကြီးကြပ်သူ (၁)ဦးနှင့် မေးမြန်းသူ (၃)ဦး စုစုပေါင်း(၅)ဦး ပါဝင်၍ (၁)လခန့် စစ်တမ်း ကောက်ယူခြင်းနှင့် တွေ့ဆုံ မေးမြန်းမည့်သူများ၏ ကိုယ်ရေးအချက်အလက်များကို လည်း လျှို့ဝှက်ထိန်းသိမ်းသွားမည်ဖြစ်ပါသည်။
(ခ) EU(GOPA) နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့်လုပ်ငန်းများနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် EU(GOPA) တို့၏ အစီအစဉ်ဖြင့် ဗဟို ဝန်ထမ်းတက္ကသိုလ်များတွင် ဖွင့်လှစ်လျက်ရှိသော သင်တန်းများ၌ ပို့ချလျက်ရှိသည့် သင်ရိုးညွှန်းတမ်းများနှင့်စပ်လျဉ်း၍ သုံးသပ်တွေ့ရှိချက်များကို ဆွေးနွေးသည့် အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး၌ ၁-၉-၂၀၁၆ ရက်နေ့တွင် ကျင်းပခဲ့ရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့အောက်ရှိ ဦးစီးဌာန (၂)ခုနှင့် ဗဟိုဝန်ထမ်းတက္ကသိုလ်(၂)ခုတို့မှ ကိုယ်စားလှယ် စုစုပေါင်း (၃၀)ဦး တက်ရောက် ခဲ့ပါ သည်။ ဆက်လက်၍ EU(GOPA) မှ ပြည်ထောင်စုရာထူးဝန် အဖွဲ့အောက်ရှိ ဗဟိုဝန်ထမ်းတက္ကသိုလ်များ၌ ဖွင့်လှစ်လျက်ရှိသည့် ဒုတိယညွှန်ကြားရေးမှူး ချုပ်များအတွက် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးစီမံခန့်ခွဲမှုသင်တန်းနှင့် ညွှန်ကြား ရေးမှူးများအတွက် အဆင့်မြင့်အရာထမ်းစီမံခန့်ခွဲမှုသင်တန်းများတွင် ဘာသာရပ် ဆိုင်ရာ သင်ခန်းစာများ ပို့ချပေးလျက်ရှိပါသည်။ ယခုအခါ ပြည်ထောင်စုရာထူးဝန် အဖွဲ့၏ ကွပ်ကဲမှုအောက်ရှိ ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် ဖွင့်လှစ်လျက်ရှိသော ပုံမှန်သင်တန်း(၇)မျိုးတွင် ပို့ချလျက်ရှိသည့် Curriculum Syllabus Module နှင့် Course Design များကို EU(GOPA) မှ Training Expert ဖြစ်သူ Mr. Tony bass က ၂-၂-၂၀၁၇ မှ ၉-၂-၂၀၁၇ ထိ ဗဟိုဝန်ထမ်းတက္ကသိုလ်(၂)ခုမှ ဌာနကြီးမှူး (၂)ဦးနှင့် တက္ကသိုလ်တွင် ပို့ချလျက်ရှိသည့် သင်ရိုးညွှန်းတမ်းများ၊ သင်တန်းများ၊ ဘာသာရပ်များ၊ သင်ကြား ပို့ချနည်းလမ်းများ၊ သင်တန်းဆရာမများ စွမ်းရည်မြှင့် တင်ခြင်းဆိုင်ရာကိစ္စရပ်များ၊ သင်တန်းပို့ချချိန်များ၊ သင်တန်းသားများအတွက် သင်ယူမှုပတ်ဝန်းကျင်ဖန်တီးမှုဆိုင်ရာများကို ဆွေးနွေးခဲ့ပါသည်။ ဗဟိုဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်)တွင် ၁၃-၂-၂၀၁၇ မှ ၁၄-၂-၂၀၁၇ ထိ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် ၁၅-၂-၂၀၁၇ မှ ၁၆-၂-၂၀၁၇ ထိ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ EU(GOPA) မှ Expert ဖြစ်သူ Ms. Maebh O’ Connor သည် ၃-၅-၂၀၁၇ မှ ၅-၅-၂၀၁၇ ရက်နေ့အထိ ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် Training of Trainers (TOT) for Work Place Skills သင်တန်းအား ဗဟိုဝန်ထမ်းတက္ကသိုလ်မှ သင်တန်းဆရာ (၂၀)ဦးဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး (၉)ဦးမှာ လေ့လာသူအဖြစ် တက်ရောက်ခဲ့ကြပါသည်။ ထို့အပြင် ၁၀-၅-၂၀၁၇ မှ ၁၂-၅-၂၀၁၇ ရက်နေ့အထိ ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင် Training of Trainers (TOT) for Work Place Skills သင်တန်းအား ဗဟိုဝန်ထမ်း တက္ကသိုလ်မှ သင်တန်းဆရာ (၂၀)ဦးဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး (၁၇)ဦးမှာ လေ့လာသူ အဖြစ် တက်ရောက်ခဲ့ကြပါသည်။ သင်တန်း(၂)ခုတွင် ပို့ချခဲ့သော အကြောင်းအရာ များမှာ Communication for Delivery English၊ Communication၊ Time Management Delivery နှင့်Communication Skills တို့ဖြစ်ပါသည်။
(ဂ) ကမ္ဘာ့ဘဏ် (WorldBank) နှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှုနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များ
ကမ္ဘာ့ဘဏ် (World Bank) မှ ပြည်ထောင်စုရာထူးဝန်အဖွဲ့အောက်ရှိ ဗဟိုဝန်ထမ်း တက္ကသိုလ်(အောက်မြန်မာပြည်)၌ ဖွင့်လှစ်ခဲ့သည့် ညွှန်ကြားရေးမှူး များအတွက် အဆင့်မြင့်အရာထမ်းစီမံခန့်ခွဲမှုသင်တန်းများတွင် ဘာသာရပ်များ ပို့ချပေးခြင်း နှင့် ဗဟိုဝန်ထမ်းတက္ကသိုလ် (၂)ခုရှိ နည်းပြ ဆရာ၊ ဆရာမများအား ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် Case Study Method Training သင်တန်း (၂)ရက်စီ ပို့ချပေးခြင်းများဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။ ထို့အပြင် ကမ္ဘာ့ဘဏ် ( World Bank ) နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် “နိုင်ငံ့ဝန်ထမ်းများ အခြေခံလစာ အပါအဝင် အခြားစရိတ် ချီးမြှင့်မှုနှင့် လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု ပြန်လည် သုံးသပ်ခြင်း” (Civil Service Pay, Compensation and Human Resorce Review )၏ Dtaft Report ဖြစ်သည့် Chapter(6) Managing Human Resources for better Performance အပိုင်းအပေါ် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ Feedback နှင့် အကြံပြုချက်များ ပေးပို့ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။ ဆက်လက်၍ ဝန်ကြီး ဌာနနှင့် အဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်အဆင့် အရာရှိကြီးများအတွက် ခေါင်းဆောင်မှုနှင့် အုပ်ချုပ်မှုဆိုင်ရာ ရက်တိုလေ့ကျင့်ရေး သင်တန်းကို ဖွင့်လှစ် ပို့ချနိုင်ရန် လျာထားပြီး အဆိုပါ သင်တန်းသို့ တက်ရောက်ပြီးပါက ပြည်ပ နိုင်ငံများသို့ လေ့လာရေးခရီးစေလွှတ်သွားရန် ညှိနှိုင်းစီစဉ် ဆောင်ရွက်လျက်ရှိ ပါသည်။ ထို့အပြင် ၂၀၁၇-၂၀၁၈ လေ့ကျင့်ရေးနှစ် အတွက် ဗဟိုဝန်ထမ်း တက္ကသိုလ်များမှ သင်ကြားရေး ဆရာ၊ ဆရာမများအား ပြည်ပပညာရှင်များက Case Method Training လေ့ကျင့်ပေးရန်လည်း ညှိနှိုင်းစီစဉ် ထားရှိပြီး ဖြစ်ပါသည်။
(ဃ) Hanns Seidel Foundation -HSF နှင့် ပူးပေါင်း ဆောင်ရွက်မှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ် ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် Hanns Seidel Foundation – HSF ၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံ ပြည်သူ့ဝန်ထမ်းအကယ်ဒမီ တည်ထောင်ရေးအကြံပြု အလုပ်ရုံဆွေးနွေးပွဲ (Consultative Workshop for Establishing the Civil Serices Academy – CSA)ကို ၂၃-၆-၂၀၁၆ မှ ၂၄-၆-၂၀၁၆ ထိ ကျင်းပခဲ့ရာ ဝန်ကြီးဌာန / အဖွဲ့အစည်းများမှ ညွှန်ကြားရေးမှူး အဆင့်နှင့်အထက် ကိုယ်စားလှယ် (၄၀)ဦး တက်ရောက်ခဲ့ပါသည်။ ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် Hanns Seidel Foundation – HSF တို့ ပူးပေါင်း၍ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) တွင် ဖွင့်လှစ်ခဲ့သော ဒုတိယညွှန်ကြားရေးမှူးချုပ် အဆင့်များအတွက် ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူး စီမံခန့်ခွဲမှုသင်တန်းနှင့် ဗဟိုဝန်ထမ်းတက္ကသိုလ် ( အောက်မြန်မာပြည် ) တွင် ဖွင့်လှစ် ခဲ့သော ညွှန်ကြားရေးမှူးအဆင့်များအတွက် အဆင့်မြင့်အရာထမ်း စီမံခန့်ခွဲမှု သင်တန်းများတွင် Federalism ( Features ၊ Fiscal ၊Democracy ၊Conflict Resolution) ၊ Political Science ၊ Distribution of Competences ၊ Intergovernmental Relations နှင့် Comparative Constitutional Law and Politics စသည့် ဘာသာရပ်များကို ပြည်ပပညာရှင်များနှင့် ဆွေးနွေးပို့ချခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
(င) ကုလသမဂ္ဂ-အာရှနှင့် ပစိဖိတ်ဒေသ သတင်းနှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သင်တန်းဌာန (United Nations – Asia-Pacific Centre of Information and Communication Technology – UN-APCICT ) နှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ် ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် ကုလသမဂ္ဂ-အာရှနှင့် ပစိဖိတ်ဒေသ သတင်းနှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာသင်တန်းဌာန (United Nations-Asia-Pacific Centre of Information and Communication Technology – UN-APCICT) နှင့် ပူးပေါင်း၍ ဗဟိုဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်)တွင် ဖွင့်လှစ်ခဲ့သော ဒုတိယညွှန်ကြားရေးမှူးချုပ်အဆင့်များအတွက် ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးစီမံခန့်ခွဲမှုသင်တန်းနှင့် ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) တွင် ဖွင့်လှစ်ခဲ့သော ညွှန်ကြားရေးမှူးအဆင့်များအတွက် အဆင့်မြင့်အရာထမ်း စီမံခန့်ခွဲမှု သင်တန်းများတွင် e-Government Application၊ Information Security and Privacy ၊ Module: 1- Wifi Policy Module on ICT and Enterpreneurship၊ Module: 7- ICT Project Management in Theory and Practice, Module: 11- Social Media for Development စသည့်ဘာသာရပ်များကို ပြည်ပ ပညာရှင်များက ဆွေးနွေးပို့ချခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ ၂၀၁၇-၂၀၁၈ လေ့ကျင့်ရေးနှစ်တွင် ဗဟိုဝန်ထမ်း တက္ကသိုလ် (၂)ခုတို့၌ ဒုတိယညွှန်ကြားရေးမှူးချုပ်အဆင့်များအတွက် ဝန်ထမ်း အဖွဲ့အစည်း အကြီးအမှူးစီမံခန့်ခွဲမှုသင်တန်း၊ ညွှန်ကြားရေးမှူး အဆင့်များအတွက် အဆင့်မြင့်အရာထမ်းစီမံခန့်ခွဲမှုသင်တန်းများကို ကြိမ်ရေတိုးမြှင့်ဖွင့်လှစ်ရန် စီစဉ် လျက်ရှိရာ အဆိုပါ စီမံခန့်ခွဲမှုသင်တန်းများတွင် တင်ပြပါဘာသာရပ်များ ဆက်လက် ဆွေးနွေးပို့ချနိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။
(စ) ထိုင်းနိုင်ငံ ၊ Dhurakij Pundit University – DPU နှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေ ထိုင်းနိုင်ငံ၊ Dhurakij Pundit University – DPU မှ ပြည်ပ ပညာရှင် (၂)ဦးသည် ပြည်ထောင်စုရာထူးဝန်အဖွဲ့အောက်ရှိ ဗဟိုဝန်ထမ်းတက္ကသိုလ် များမှ သင်တန်းဆရာများ၏ အရည်အသွေးမြှင့်တင်ရေးအတွက် ကာလတိုသင်တန်းများ ကို အသီးသီးဖွင့်လှစ်ခဲ့ရာ ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့မှ ၉ ရက်နေ့ထိလည်းကောင်း၊ ဗဟိုဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်)တွင် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့ထိ လည်းကောင်း အသီးသီးကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။ ဆက်လက်ပြီး ၂၀၁၇-၂၀၁၈ လေ့ကျင့်ရေးနှစ်အတွင်းတွင် ဗဟိုဝန်ထမ်းတက္ကသိုလ် (၂)ခုမှ သင်တန်း ဆရာများအတွက် နိုင်ငံ့ဝန်ထမ်းသင်တန်းဆရာများလေ့ကျင့်ရေးသင်တန်း (Training of Trainers-ToT) ကျင်းပပြုလုပ်ပေးရန် ဆွေးနွေးညှိနှိုင်း စီစဉ်ထားပြီးဖြစ်ပါသည်။
(ဆ) ကိုရီးယားသမ္မတနိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Korea International Cooperation Agency – KOICA) နှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေ မြန်မာနိုင်ငံမှ အဆင့်မြင့်အရာရှိကြီးများအတွက် ။ပြည်သူ့ရေးရာ စီမံ ခန့်ခွဲမှုအစီအစဉ်သို့ ၂၀၁၀ ခုနှစ်မှ ၂၀၁၃ ခုနှစ် အထိ (၄) ကြိမ်တိုင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့နှင့် ကိုရီးယားသမ္မတနိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (Korea International Cooperation Agency – KOICA)တို့ ပူးပေါင်း၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ အဖွဲ့ဝင်များ ဦးဆောင်ပြီး ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်သည့်အဖွဲ့ တက်ရောက်ခဲ့ကြပါသည်။ ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်မှစ၍ နေပြည်တော်၌ အလယ်အလတ်အဆင့် အရာထမ်းများ၊ အဆင့်မြင့်အရာထမ်းများ၊ ညွှန်ကြားရေးမှူးချုပ်နှင့် အမြဲတမ်း အတွင်းဝန်တို့အား ကာလတိုသင်တန်း (Short Term Training Course) များ ဖွင့်လှစ်ပြီး Public Policy၊ Public Management နှင့် Public Administration ဘာသာရပ်များကို ဆွေးနွေးပို့ချနိုင်ရေးအတွက် KOICA ၏ ကွပ်ကဲမှုအောက်ရှိ World Friends Korea (WFK)မှ အကြံပေး (Advisor) များဖြင့် နည်းပညာ ထောက်ပံ့မှု အကူအညီပေးရေး တို့ကို ဆွေးနွေးညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။