ကာကွယ်ရေးဝန်ကြီးဌာနမှ လွှဲပြောင်းအမှုထမ်းဆောင်ခွင့်ပြုသည့် တပ်မတော်သား များ၏ လွှဲပြောင်းအမှုထမ်းဆောင်ခွင့်ကိစ္စနှင့်စပ်လျဉ်း၍ စစ်ရာထူးခန့်ချုပ်ရုံး၏ သက်ဆိုင်ရာ ရုံးအမိန့်အား ကြည့်ရှုခြင်းဖြင့် သိရှိနိုင်မည်ဖြစ်သော်လည်း လုပ်သက်ရေတွက်ခြင်းကိစ္စရပ်နှင့် တစ်ဆက်တည်း ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခြင်းကိစ္စတွင် တပ်မတော်မှ လွှဲပြောင်းအမှုထမ်း ဆောင်နေသူများသည် လက်ရှိအငြိမ်းစား လစာထုတ်ယူနေသော ဝန်ထမ်းဖြစ်ပါက ယင်း၏ နောက်ဆုံးလုပ်သက်သည် နယ်ဘက်တွင် စတင်တာဝန်ထမ်းဆောင်သည့် လုပ်သက်နှင့်တစ်ဆက် တစ်စပ်တည်းဟု သတ်မှတ်နိုင်မှု ရှိ/မရှိ၊ ရာထူးစုအမျိုးအစားမတူသော လုပ်သက်နှစ်ခုကို ပေါင်းစပ် ရေတွက်ရန် လိုအပ်မှု ရှိ/မရှိ နှင့်ရာထူးသက်ဆိုသည်မှာ လက်ရှိရာထူးအဆင့်တွင် တာဝန် ထမ်းဆောင်သည့် ကာလကိုဆိုသည်ဟု ဖော်ပြချက်အရ ဤဝန်ကြီးဌာနတွင် လက်ရှိအဆင့်တာဝန် ထမ်းဆောင်သည့် ကာလကိုသာ ရာထူးသက်အဖြစ် သတ်မှတ်ရန်ဟုတ်/မဟုတ်တို့အား သဘောထား မှတ်ချက်မေးမြန်းခြင်းကိစ္စ။

ကာကွယ်ရေးဝန်ကြီးဌာနမှ လွှဲပြောင်းအမှုထမ်းဆောင်နေသူများသည် လက်ရှိစစ်မှုထမ်း အငြိမ်းစားလစာ ထုတ်ယူနေသော ဝန်ထမ်းများဖြစ်ပါက ၎င်းတို့၏ မြို့ပြဝန်ထမ်းပင်စင်လစာအတွက် မြို့ပြဘက်တွင်စတင်တာဝန်ထမ်းဆောင်သည့်နေ့မှစ၍ လုပ်သက်များကိုရေတွက်ရမည် ဖြစ်ပါသည်။ ရာထူးတိုးမြှင့်ရေးအတွက် စဉ်းစားရာတွင်မူ တစ်ဆက်တည်းပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ခြင်း ဖြစ်ပါက ၎င်းတို့၏စုစုပေါင်းလုပ်သက်ကို စစ်မှုထမ်းသက်နှင့် မြို့ပြဝန်ထမ်းသက်များပေါင်းစပ် ရေတွက်ရမည် ဖြစ်ပါသည်။

ရာထူးစုအမျိုးအစားမတူသောလုပ်သက်နှစ်ခုကို ပေါင်းစပ်ရေတွက်ရာတွင် အရာထမ်းများ အတွက်  နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၃၆၊ နည်းဥပဒေခွဲ (ဃ)၊ နည်းဥပဒေခွဲငယ် (၂) အရ လည်းကောင်း၊ အမှုထမ်းများအတွက် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၃၆၊ နည်းဥပဒေခွဲ (ဃ)၊ နည်းဥပဒေခွဲငယ် (၃) အရလည်းကောင်းဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

ရာထူးသက်ဆိုသည်မှာ လက်ရှိရာထူးအဆင့်တွင် တာဝန်ထမ်းဆောင်သည့် ကာလကို ဆိုပါ သည်။ သို့ရာတွင်တပ်မတော်မှလွှဲပြောင်းတာဝန်ထမ်းဆောင်စဉ် စတင်ခန့်အပ်ခဲ့သည့် လက်ရှိမြို့ပြ ရာထူး၏ ရာထူးသက်ကိုမူ တပ်မတော်မှလွှဲပြောင်းစဉ်က ရာထူးသက်နှင့်လက်ရှိရာထူးသက်တို့ကို ပေါင်းစပ် ရေတွက်နိုင်မည်ဖြစ်ပါသည်။