ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌရုံးအဖွဲ့သမိုင်း
၁၉၇၇ ခုနှစ်မှစ၍ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့တွင် ရုံးအဖွဲ့ဖွဲ့စည်းပုံအင်အား သီးခြား မရှိခဲ့သောကြောင့် ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဦးစီးဌာနက ရုံးအဖွဲ့၏ တာဝန်ကိုပါ ထမ်းဆောင်လျက်ရှိရာ နိုင်ငံတော်၏ တိုးတက်ပြုပြင်ပြောင်းလဲမှုများသည် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်နှင့်အညီ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့၏ အနေအထားသည်လည်း နိုင်ငံ့ဝန်ထမ်းများရွေးချယ်လေ့ကျင့်ခြင်းအပိုင်းနှင့် ဝန်ထမ်းရေးရာ မူဝါဒအပိုင်းတို့တွင် ပိုမိုနက်ရှိုင်းစွာ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိသဖြင့် တာဝန်ယူရသော လုပ်ငန်းပမာဏ ပိုမိုကျယ်ပြန့် များပြား လာပါသည်။ ထို့ပြင် ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေး အဖွဲ့သည် ဝန်ကြီးဌာနနှင့် တန်းတူအဆင့် အတန်းရှိပြီး အဖွဲ့ဥက္ကဋ္ဌကို ဝန်ကြီးအဆင့်ဟု သတ်မှတ်ကာ အဖွဲ့ဝင်များကိုလည်း ဒုတိယဝန်ကြီး အဆင့်ဟု နိုင်ငံတော်က သတ်မှတ်ထား ရှိပြီးဖြစ်သောကြောင့် အဆိုပါသတ်မှတ်ထား ရှိမှုများနှင့်အညီ အဖွဲ့၏လုပ်ငန်းများကို စနစ်တကျ ပီပြင်စွာဆောင်ရွက်နိုင်ရန်အလို့ငှာ ၂၁-၂-၂၀၀၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၈/၂၀၀၈)၏ သဘောတူ ခွင့်ပြုချက်အရ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့၊ ရုံးအဖွဲ့အား အရာထမ်း(၁၆)ဦးနှင့် အမှုထမ်း(၁၉)ဦး၊ စုစုပေါင်း (၃၅) ဦးဖြင့် ကနဦး ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။
၂၀၀၈ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသစ် အရ “ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့”အား “ပြည်ထောင်စုရာထူးဝန်အဖွဲ့”ဟူ၍ အခေါ်အဝေါ် အမည်သစ်ဖြင့် ဖွဲ့စည်းခဲ့သဖြင့် ရုံးအဖွဲ့ကိုလည်း “ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ရုံးအဖွဲ့” ဟူ၍ အခေါ်အဝေါ် အမည်ပြင်ဆင်ဖွဲ့စည်းရန် လိုအပ်လာသည့်အတွက် ၉-၁၂-၂၀၁၀ ရက်နေ့တွင် ကျင်းပသော အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၄၇/၂၀၁၀) ၏ သဘောတူခွင့်ပြုချက်အရ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ရုံးအဖွဲ့၏ ဖွဲ့စည်းပုံကို အရာထမ်း (၁၄)ဦးနှင့် အမှုထမ်း (၁၉)ဦး၊ စုစုပေါင်း (၃၃)ဦးဖြင့် ပြင်ဆင်ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ဆောင်ရွက်လျက်ရှိသော အစိုးရအုပ်ချုပ်ရေး ယန္တရားတိုးတက်ကောင်းမွန်ရေး ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်နှင့်အညီ ဖွဲ့စည်းပုံများကို ခေတ်နှင့်အညီ တိုးတက်ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ရာ ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများ၏ အမြဲတမ်း အတွင်းဝန်ရုံး/ တာဝန်ခံညွှန်ကြားရေးမှူးချုပ်ရုံးကို ၂၀၁၅ ဘဏ္ဍာရေးနှစ်မှစ၍ စတင်ဖွင့်လှစ် ဆောင်ရွက်ရန် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းတွင် ထည့်သွင်းရေးဆွဲပြီး ပြည်ထောင်စုလွှတ်တော်မှလည်း အတည်ပြဋ္ဌာန်းပြီးဖြစ်သဖြင့် အမြဲတမ်းအတွင်းဝန်/ တာဝန်ခံ ညွှန်ကြားရေးမှူးချုပ်မှ ဦးဆောင်သည့် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ဥက္ကဋ္ဌရုံး ဖွဲ့စည်းပုံကို ရေးဆွဲတင်ပြရန်ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ စီမံကိန်းနှင့် ဖွဲ့စည်းပုံ စိစစ်ရေးအဖွဲ့မှ အကြောင်းကြာမှုအရ ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ မူလတာဝန်လုပ်ငန်းများ လစ်ဟင်းမှုမရှိစေဘဲ လုပ်ငန်းတာဝန်များ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အလို့ငှာ ဖွဲ့စည်းပုံအင်အားကို ထပ်မံ တိုးချဲ့ခြင်းမပြုဘဲ လက်ရှိ ဖွဲ့စည်းပုံတွင်ရှိသော ရုံးအဖွဲ့နှင့် ဝန်ထမ်းရေးရာဦးစီးဌာနတို့ကို ပေါင်း၍ ဥက္ကဋ္ဌရုံးအဖွဲ့အဖြစ် ပြင်ဆင်ဖွဲ့စည်းပြီး ဝန်ထမ်းရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ်ကို တာဝန်ခံညွှန်ကြားရေးမှူးချုပ်အဖြစ် သတ်မှတ်တာဝန်ပေးအပ်ကာ အမြဲတမ်းအတွင်းဝန် တာဝန်နှင့် ယင်း၏ မူလဦးစီးဌာနတို့ကို တာဝန်ခံအဖြစ်လည်းကောင်း၊ ရုံးအဖွဲ့အား ဦးစီးဦးဆောင် ပြုလျက်ရှိသော ရုံးအဖွဲ့မှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်)ကို မူလရုံးအဖွဲ့၏တာဝန်ဝတ္တရားများကို တာဝန်ခံအဖြစ် ဆောင်ရွက်ရန် သတ်မှတ်ချက်များနှင့်အညီ ဥက္ကဋ္ဌရုံး၏ ဒုတိယအမြဲတမ်းအတွင်းဝန် အဖြစ်လည်းကောင်း ပြောင်းလဲသတ်မှတ် တာဝန်ပေးခဲ့ပါသည်။ ပြည်ထောင်စုရာထူးဝန်အဖွဲ့ကိုအဖွဲ့ ဥက္ကဌ ဦးဆောင်၍ စီမံလမ်းညွှန်ကြီးကြပ်မှုဖြင့် အဖွဲ့ဝင်(၆)ဦးဖြင့်လည်းကောင်း၊ ဥက္ကဌရုံးအဖွဲ့ကို ၂၀-၅-၂၀၂၁ ရက်နေ့တွင် ကျင်းပပြုလုပ်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးအမှတ်စဉ်(၇/၂၀၂၁)သဘောတူခွင့်ပြုချက်အရ အရာထမ်း(၄၀) ဦး၊ အမှုထမ်း(၇၈) ဦးဖြင့် လည်းကောင်း ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများ၏ ဖွဲ့စည်းပုံအတွင်း၌ အမြဲတမ်းအတွင်းဝန်/တာဝန်ခံညွှန်ကြားရေးမှူးချုပ်အတွက်အရာထမ်းရာထူး(၁)နေရာပါဝင် ဖွဲ့စည်း ထားသည့်နည်းတူ ပြည်ထောင်စုရာထူးဝန်အဖွဲ့၌လည်း ရုံးလုပ်ငန်းတာဝန်ဝတ္တရားများကို စနစ်တကျ ကြပ်မတ်ကွပ်ကဲဆောင်ရွက်နိုင်စေရန်အတွက် ဥက္ကဋ္ဌရုံးအဖွဲ့၏ ဖွဲ့စည်းပုံအတွင်း၌ အမြဲတမ်းအတွင်းဝန်/ တာဝန်ခံညွှန်ကြားရေးမှူးချုပ်ရာထူး နေရာဖြစ်သော အရာထမ်းရာထူး(၁) နေရာတိုးချဲ့ရန်နှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ရုံးလုပ်ငန်းတာဝန်များ ပြီးမြောက်အောင်မြင်မှု ရရှိစေရန်အတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ဥက္ကဋ္ဌရုံးအဖွဲ့၏ လုပ်ငန်းများနှင့် ဆက်စပ် တာဝန်ယူဆောင်ရွက်နေသော ဝန်ထမ်းရေးရာဉီးစီးဌာနမှ အရာထမ်းရာထူး(၉)နေရာ၊ အမှုထမ်းရာထူး(၂၀)နေရာဖြင့် ဖွဲ့စည်းထားသော နိုင်ငံခြားပညာတော်သင်စိစစ်ရွေးချယ်စေလွှတ်ရေးကော်မတီဆိုင်ရာရုံးအဖွဲ့နှင့် ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေး ဉီးစီးဌာနမှ အရာထမ်းရာထူး(၇)နေရာ၊ အမှုထမ်းရာထူး(၁၄)နေရာဖြင့် ဖွဲ့စည်းထားသော ဥပဒေ၊ မူဝါဒနှင့် ပြောင်းရွှေ့ရေးဌာနခွဲတို့အား ဥက္ကဋ္ဌရုံးအဖွဲ့၏ ဖွဲ့စည်းပုံအတွင်းသို့ ပြောင်းရွှေ့ပြီး နိုင်ငံခြားပညာတော်သင်စိစစ်ရွေးချယ်စေလွှတ်ရေးကော်မတီဆိုင်ရာရုံးအဖွဲ့အား ပြည်တွင်း/ ပြည်ပဆက်ဆံ ရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲအဖြစ် လည်းကောင်း အမည်ပြောင်းလဲရန်တို့အတွက် ၃၁-၅-၂၀၂၂ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၄/၂၀၂၂)သဘောတူခွင့်ပြုချက်အရ အရာထမ်း(၅၇) ဦး၊ အမှုထမ်း(၁၁၂) ဦးဖြင့် လည်းကောင်း ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။