ပြည်ထောင်စုဝန်ကြီးဌာနတွင် ပြန်တမ်းဝင်အရာရှိများ စတင်ခန့်ထားခြင်းကို ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏သဘောတူညီချက်ဖြင့် စတင်ခန့်ထားဆောင်ရွက်ရာတွင်လည်းကောင်း၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဌာနပြောင်းရွှေ့ရောက်ရှိလာသော တပ်မတော် အရာရှိများအား ၎င်းတို့၏ အဆင့်နှင့် လျော်ညီသည့် ရာထူးများခန့်ထားဆောင်ရွက်ရာတွင်လည်းကောင်း၊ ကျန်ပြန်တမ်းဝင်အရာရှိများကို အဆင့်ဆင့် ရာထူးတိုးမြှင့်ပေးခြင်းတို့ကိုဆောင်ရွက်ရာတွင်လည်းကောင်း အစမ်းခန့်ကာလ (၁) နှစ် သတ်မှတ်ထားပြီးအစမ်းခန့်ကာလပြည့်ပြီးပါက အတည်ပြုခန့်ထားခြင်းကို ဆောင်ရွက်ခြင်းများသည် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများနှင့် ညီညွှတ်မှုရှိ/မရှိ၊ အစမ်းခန့်ထားရှိခြင်းအတွက် ကာလသတ်မှတ်ချက်ရှိ/မရှိနှင့် သတ်မှတ်ချက်ရှိပါကထားရှိရမည့် အစမ်းခန့်ကာလနှင့်စပ်လျဉ်း၍ သဘောထားမှတ်ချက်မေးမြန်းခြင်းကိစ္စ။

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၃၊ နည်းဥပဒေခွဲ (ဃ) ပါ ပြဋ္ဌာန်းချက် အရ ဖွဲ့စည်းပုံပါဝန်ထမ်းအမျိုးအစားတစ်မျိုး၏ စတင်ခန့်ရာထူးတွင် ပုဂ္ဂိုလ်တစ်ဦးအား အတည်ပြု ခန့်ထားခြင်းမပြုမီ ထိုဝန်ထမ်းအမျိုးအစား၏ လုပ်ငန်းသဘာဝအရ တတ်မြောက်ကျွမ်းကျင်စေရန် အတွက် ရှေးဦးစွာလေ့ကျင့်ပေးရန် လိုအပ်သောကြောင့် သီးခြားစည်းကမ်းချက်များ သတ်မှတ်လျက် အစမ်းခန့်ကာလ ထားရှိနိုင်မည်ဖြစ်ပါသည်။

“ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ယှဉ်ပြိုင်စနစ်ဖြင့် ရွေးချယ်ပေးသည့် ပြန်တမ်းဝင်အရာရှိများ စတင်ခန့်ထားရာတွင် အဆိုပါ အရာထမ်းများအား အစမ်းခန့်ကာလထားရှိခြင်း” သည် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှုရှိပါသည်။

“ကာကွယ်ရေးဝန်ကြီးဌာနမှ ဌာနပြောင်းရွှေ့ တာဝန်ထမ်းဆောင်သည့် တပ်မတော်အရာရှိ များအား ၎င်းတို့အဆင့်နှင့်လျော်ညီသည့် ရာထူးခန့်ထားရာတွင် အစမ်းခန့်ကာလထားရှိခြင်း” သည် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်ညီညွတ်မှုမရှိပါ။

“ပြန်တမ်းဝင်အရာရှိများကို တစ်ဆင့်မြင့်ရာထူးသို့တိုးမြှင့်ပေးရာတွင်တိုးမြှင့်ပေးသည့်ရာထူး အလိုက် အဆိုပါရာထူးများတွင် အစမ်းခန့်ကာလထားရှိခြင်း” သည် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ ဝန်ထမ်းနည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှုမရှိပါ။

“အစမ်းခန့်ထားရှိခြင်းအတွက် ကာလသတ်မှတ်ချက်ရှိ/မရှိနှင့် သတ်မှတ်ချက်ရှိပါက ထားရှိ ရမည့်အစမ်းခန့်ကာလ” နှင့်စပ်လျဉ်း၍  အစမ်းခန့်ထားရှိခြင်းအတွက် ကာလသတ်မှတ်ချက်မရှိပါ။ သို့ရာတွင် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၉ ပါ ပြဋ္ဌာန်းချက်အရ ဝန်ထမ်းအဖွဲ့အစည်းများသည် ဝန်ထမ်း အမျိုးအစားအလိုက် အစမ်းခန့်ကာလနှင့် စည်းကမ်းချက်များကို ပြည်ထောင်စုအစိုးရအဖွဲ့၏  သဘောတူညီချက်ဖြင့် လိုအပ်သလို သတ်မှတ်နိုင်မည်ဖြစ်ပါသည်။