ဒေါက်တာထွန်းမင်း [ဒုတိယပါမောက္ခချုပ်(သင်ကြားရေး)]

ဒေါက်တာထွန်းမင်းကို ၁၉၆၇ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် မိဘနှစ်ပါးဖြစ်သူ ဦးသန်းမောင်နှင့် ဒေါ်တင်တင်တို့မှ မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၊ ကျောက်ထုကျေးရွာတွင် မွေးဖွားခဲ့ပါသည်။ ဒေါက်တာထွန်းမင်းသည် အ.မ.က၊ ဘရဲကျေးရွာ၊ အောင်လံမြို့နယ်တွင် ၁၉၇၃ ခုနှစ်မှ ၁၉၇၈ ခုနှစ်အထိ၊ တွဲဖက်အ.ထ.က(ရွှေပန်းတော)၊ အောင်လံမြို့နယ်တွင် ၁၉၇၈ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိ အခြေခံပညာကို သင်ယူခဲ့ပြီး ၁၉၈၅ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိ မကွေးဒီဂရီကောလိပ်၌ မဟာဝိဇ္ဇာအရည်အချင်းစစ် သင်တန်းကိုလည်းကောင်း၊ ၁၉၉၈ ခုနှစ်မှ ၂၀၀၀ ခုနှစ်အထိ မကွေးတက္ကသိုလ်တွင် MA(Geog.) ကို လည်းကောင်း တက်ရောက်ရယူခဲ့ပါသည်။ ပါရဂူဘွဲ့သင်တန်းကို ၂၀၀၇ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ မန္တလေးတက္ကသိုလ်တွင် တက်ရောက်ခဲ့ပြီး Ph.D (Geog.)ဘွဲ့ ရရှိခဲ့ပါသည်။ မကွေးတက္ကသိုလ်တွင် နည်းပြအဖြစ် ၁၉၉၇ ခုနှစ်မှ စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ထောက်ကထိက၊ ကထိကအထိ အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၂၀၁၄ ခုနှစ်တွင် မန္တလေးတက္ကသိုလ်သို့ ကထိကအဆင့်နှင့် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၂၀၁၅ ခုနှစ်တွင် တောင်ကြီးတက္ကသိုလ်သို့ တွဲဖက်ပါမောက္ခရာထူး တိုးမြှင့်ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၊ နိုင်ငံရေးသိပ္ပံပညာဌာနတွင် ၁-၂-၂၀၁၇ ရက်နေ့မှစတင်၍ တွဲဖက်ပါမောက္ခအဖြစ် ဝန်ကြီးဌာန ကူးပြောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၂၈-၆-၂၀၁၇ ရက်နေ့တွင် ပါမောက္ခ (ပညာဌာနမှူး) အဖြစ်သို့လည်းကောင်း၊ ၁-၁-၂၀၁၉ ရက်နေ့တွင် ဌာနကြီးမှူး (သုတေသနနှင့် ဖွံ့ဖြိုးမှု) အဖြစ်လည်းကောင်း၊ ၁၃-၇-၂၀၂၂ ရက်နေ့တွင် ဌာနကြီးမှူး (ပညာရေးနှင့်လေ့ကျင့်ရေး) အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဒေါက်တာထွန်းမင်းသည် ၂၄-၄-၂၀၂၄ ရက်နေ့မှစတင်၍ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၏ ဒုတိယပါမောက္ခချုပ်(သင်ကြားရေး)အဖြစ် တာဝန် ထမ်းဆောင်လျက်ရှိပါသည်။