နောက်ခံသမိုင်း
ပြည်သူ့၀န်ထမ်းများသည် နိုင်ငံတော်၏စီးပွားရေး၊လူမှုရေးနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲရေး တာ၀န်များကို ထမ်းဆောင်ရာတွင် မိမိတို့၏အခန်းကဏ္ဍအလိုက် လုပ်ငန်းများကို သေချာစွာ နားလည် သဘောပေါက်လျက် အံ၀င်ခွင်ကျထမ်းရွက်နိုင်ပြီး ပြည်သူတို့အား အလုပ်အကျွေးပြုမည့် ၀န်ထမ်းများ ဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် ပြည်သူ့၀န်ထမ်းကောင်းများ မွေးထုတ်ပေးရန် အတွက် ဗဟို၀န်ထမ်း တက္ကသိုလ်(အောက်မြန်မာပြည်)ကို ဗဟိုပြည်သူ့၀န်ထမ်းကျောင်းအမည်ဖြင့် ၁၉၆၅ ခုနှစ်၊ဇန်နဝါရီလ (၁)ရက် နေ့တွင်စတင်ဖွင့်လှစ်ခဲ့ပါသည်။

၁၉၇၇ ခုနှစ်၊မေလ(၅)ရက်နေ့တွင် ဗဟိုပြည်သူ့၀န်ထမ်းကျောင်းကို ဗဟို၀န်ထမ်း တက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့်ခဲ့ပြီး၊ တက္ကသိုလ်၏အမည်ကိုလည်း ဖွင့်လှစ်သည့်ဒေသကို အစွဲပြု၍ ဗဟို၀န်ထမ်းတက္ကသိုလ် (ဖောင်ကြီး)ဟု အမည်သတ်မှတ်ပေးခဲ့ပါသည်။

၂၀၁၆ ခုနှစ်၊ မေလ(၁၂)ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၃/၂၀၁၆) သဘောတူခွင့်ပြုချက်အရ ဗဟို၀န်ထမ်းတက္ကသိုလ် (ဖောင်ကြီး) ကို (၂၇-၅-၂၀၁၆) ရက်နေ့မှစ၍ ဗဟို၀န်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)ဟု အမည် ပြင်ဆင် ပြောင်းလဲခဲ့ပါသည်။

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ(၂)ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးနှင့် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး၏ လမ်းညွှန်ခွင့်ပြုချက်ဖြင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် နိုင်ငံတော်တွင် ယခင်က ကျင့်သုံးခဲ့သည့် Old Public Administration မှ ဒီမိုကရေစီစနစ်နှင့် လျော်ညီသော New Public Management, New Public Government တို့ကို အထောက်အကူပြုသည့် New Public Service Delivery လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ပြည်သူ့ဝန်ထမ်းများအား ပြည်သူ့ဝန်ကို ထမ်းမည့်သူ၊ ပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးမည့်သူဟူသည့် စိတ်ဓာတ် မျိုးထားရှိနိုင်ရေးနှင့် ပိုမိုကောင်းမွန်သော Service Delivery ပေးနိုင်သော ပြည်သူ့ဝန်ထမ်း ကောင်းများ ဖြစ်စေရေး ထိရောက်စွာလေ့ကျင့်ပေးနိုင်ရန် ရည်ရွယ်လျက် ဗဟို၀န်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)တွင် “ပြည်သူ့ဝန်ထမ်းအကယ်ဒမီ (Civil Services Academy)” ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၏ လမ်းညွှန်ခွင့်ပြုချက်ဖြင့် ၂၀၂၂ ခုနှစ်၊ဇွန်လ (၁)ရက်နေ့တွင် ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)ကို နိုင်ငံဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)ဟု အမည် ပြောင်းလဲခဲ့ပါသည်။

ကျောင်းအုပ်ကြီးများနှင့်ပါမောက္ခချုပ်များ
ဒုတိယဗိုလ်မှူးကြီးခင်ညို (ကျောင်းအုပ်ကြီး) ၁၄-၃-၁၉၆၄ မှ ၈-၁၀-၁၉၆၄ ဒုတိယဗိုလ်မှူးကြီးခင်အုန်း (ကျောင်းအုပ်ကြီး) ၉-၁၀-၁၉၆၄ မှ ၉-၁၁-၁၉၆၇ ဒုတိယဗိုလ်မှူးကြီးတင့်လွင် (ကျောင်းအုပ်ကြီး) ၂၁-၄-၁၉၆၈ မှ ၃၀-၇-၁၉၇၅ ဒုတိယဗိုလ်မှူးကြီးအေးကို (ကျောင်းအုပ်ကြီး) ၃-၃-၁၉၇၆ မှ ၁၀-၆-၁၉၇၇ နိုင်ငံတော်ကောင်စီဝင် ဦးကျော်စိုး(ဗိုလ်မှူးကြီး-ငြိမ်း) (ကျောင်းအုပ်ကြီး) ၁၁-၆-၁၉၇၇ မှ ၁၇-၉-၁၉၈၁ ဗိုလ်ချုပ်မင်းဂေါင် (ကျောင်းအုပ်ကြီး) ၁၈-၁၁-၁၉၈၁ မှ ၁၇-၄-၁၉၈၃ ဗိုလ်မှူးကြီးမောင်မောင် (ကျောင်းအုပ်ကြီး) ၁၈-၄-၁၉၈၃ မှ ၃၀-၉-၁၉၉၀ ဒုတိယဗိုလ်မှူးကြီးတင်ထွန်း (ပါမောက္ခချုပ်) ၁-၁၀-၁၉၉၀ မှ ၂၂-၈-၂၀၀၀ ဗိုလ်မှူးကြီးဝင်းမောင်(ငြိမ်း) (ပါမောက္ခချုပ်) ၂၅-၁၂-၂၀၀၀ မှ ၁၁-၃-၂၀၁၃ ဦးညီညီစံ (ပါမောက္ခချုပ်) ၅-၄-၂၀၁၃ ရက်နေ့မှ ၃၁-၃-၂၀၁၇ ရက်နေ့အထိ ဦးအောင်တင်စိုး (ပါမောက္ခချုပ်) ၁-၄-၂၀၁၇ မှ ၂၀-၁-၂၀၂၀ ရက်နေ့အထိ ဦးကျော်ဝင်းဟန် (ပါမောက္ခချုပ်) ၄-၃-၂၀၂၀ မှ ၇-၄-၂၀၂၁ ရက်နေ့အထိ ဦးဇော်ဇော်(ပါမောက္ခချုပ်)
၂၁-၅-၂၀၂၁ ရက်နေ့မှ ယနေ့အထိ