ပြည်ထောင်စုရာထူးဝန်အဖွဲ့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း

ပြည်သူ့စစ်မှုထမ်းဆိုင်ရာဥပဒေနှင့်ပတ်သက်ပြီး ဝန်ထမ်းများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အတွက် အသိပညာပေးဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ မတ်လ (၁၄) ရက်တွင် ပြည်ထောင်စုရာထူးဝန် အဖွဲ့၊ ရုံးအမှတ်(၁၇) စုပေါင်းခန်းမ၌ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်၍ ကျင်းပပြုလုပ် ခဲ့ပါသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော်က အမှာစကားပြောကြားရာတွင် မိမိတို့ နိုင်ငံသည် ပထဝီဝင်အနေအထားအရလည်းကောင်း၊ နိုင်ငံရေးအရလည်းကောင်း တိုင်းတပါး ကျူးကျော်မှုများကာကွယ်ရန် နိုင်ငံသားအားလုံးတွင် တာဝန်ရှိကြောင်း၊ နိုင်ငံသားတိုင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားအခွင့်အရေးများကို ခံစားခွင့်ရှိသလို နိုင်ငံသားတစ်ဦး၏ တာဝန် ကိုလည်း ကျေပွန်ရမည်ဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်ချိန်မှစ၍ ပြည်သူများ အထင်အမြင်လွဲစေသည့် ကောလဟလသတင်းအမျိုးမျိုးပြန့်နေပါကြောင်း၊ မိမိတို့မှာနိုင်ငံ့ဝန်ထမ်းများ ဖြစ်သည့်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို ရှင်းရှင်းလင်းလင်းနှင့် ပြည့်ပြည့်စုံစုံသိရှိရန်လိုကြောင်း၊ ဝန်ထမ်းသည် မိမိတို့မူလတာဝန်များကိုသာမက ပြည်သူ့စစ်မှုထမ်းဥပဒေအရ တာဝန်များကိုလည်း ကျေပွန်စွာထမ်းဆောင်ရန်လိုအပ်ကြောင်း၊ ဝန်ထမ်းတစ်ဦးအနေဖြင့် ပြည်သူ့စစ်မှုထမ်းအဖြစ် ထမ်းဆောင်ရသည့်အခါ နိုင်ငံ့ဝန်ထမ်းတာဝန် ထမ်းဆောင်နေသကဲ့သို့ သက်သာခွင့် ခံစားခွင့်ရရှိ မည်ကိုသိရှိနားလည်စေလိုပါကြောင်း၊ မိမိတို့ရာထူးဝန်အဖွဲ့အနေဖြင့် ဝန်ထမ်းများ ပြည်သူ့စစ်မှု ထမ်းဆောင်ခြင်းနှင့်ပတ်သက်၍ အကျိုးခံစားခွင့်များဆိုင်ရာ စည်းမျဉ်းစည်းကမ်းများရေးဆွဲရေးတွင် အထောက်အကူပြုရန် အဓိကတာဝန်ရှိပါကြောင်း၊ ထို့အတွက် သာမန်ပြည်သူများထက် နိုင်ငံ့ ဝန်ထမ်းများက ထဲထဲဝင်ဝင် သိရှိနားလည်ရန် လိုအပ်ပါကြောင်း မှာကြားပါသည်။

ထို့နောက် ဥက္ကဋ္ဌရုံးအဖွဲ့မှ လက်ထောက်အတွင်းဝန် ဒေါ်ချိုမာမြင့်က ရှင်းလင်းဆွေးနွေးရာတွင် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၅ တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊အချုပ်အခြာအာဏာနှင့်နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကိုကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏တာဝန်ဖြစ်ကြောင်း၊ ပုဒ်မ ၃၈၆ တွင် နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များ  နှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်ဟု ပြဋ္ဌာန်းသတ်မှတ်ထားပြီးဖြစ်ပါကြောင်းနှင့် ဥပဒေပါသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားခဲ့ ပါသည်။ ဆွေးနွေးပွဲတက်ရောက်လာသူများ၏ ဆွေးနွေးမေးမြန်းမှုများကို အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များက ဖြည့်စွက် ဆွေးနွေးခဲ့ပါသည်။ အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အရာထမ်း၊ အမှုထမ်းများ (၂၂၄)ဦး တက်ရောက်ကြပါသည်။