နောက်ခံသမိုင်း

နိုင်ငံ့ဝန်ထမ်းများကို ရှေးမြန်မာဘုရင်များ လက်ထက်ကပင် အလေးအမြတ် ထားခဲ့ကြသည်။ကိုလိုနီခေတ် မတိုင်မီကာလက နိုင်ငံ့ဝန်ထမ်း ရွေးချယ်ခြင်း၊ ခန့်ထားခြင်းနှင့် ဝန်ထမ်းစည်းကမ်းသတ်မှတ်ချက်များသည် တင်းတင်းကြပ်ကြပ် ပုံစံတကျမဟုတ်ခဲ့သော်လည်း မြန်မာဘုရင်များသည် အရည်အချင်း ပြည့်ဝသော ပညာရှင်များနှင့် သုခမိန်များ ခန့်ထားရေးကို ဂရုတစိုက်ဆောင်ရွက်ခဲ့ကြသည်။ တရားရုံးများ၏ ဆုံးဖြတ်ချက်အမိန့်နှင့် ဆောင်ရွက် လုပ်ကိုင်မှုများသည်များသောအားဖြင့် အထောက်အထားများ စနစ်တကျ ကျန်ရှိခဲ့ကြသည်။ ဤအချက်သည် မြန်မာနိုင်ငံ၏ ဘာသာနှင့် စာပေ အောင်မြင်ဖြစ်ထွန်းမှုကို င်ဟပ်လျက် ရှိပါသည်။ မြန်မာနိုင်ငံကိုကိုလိုနီနယ်ချဲ့တို့ သိမ်းယူစဉ်က မြန်မာနိုင်ငံ၏ စာတတ်မြောက်မှု အဆင့်သည် ဗြိတိန်နိုင်ငံ၏အဆင့်ထက် မြင့်မားကြောင်း ဂျေအက်စ်ဖာ နီဗယ်က ရေးသားခဲ့သည်။

ကိုလိုနီနယ်ချဲ့တို့ ဝင်ရောက်စက သိမ်းပိုက်ရရှိထားသော နယ်မြေများကို ကလကတ္တားတွင်ဌာနချုပ် ထားရှိသော ဗြိတိသျှအရှေ့ အိန္ဒိယကုမ္ပဏီ၏ အရာရှိများက အုပ်ချုပ်ကြသည်။ ၁၈၈၆ခုနှစ်တွင် မြန်မာ တစ်နိုင်ငံလုံး ကိုလိုနီလက်အာက်သို့ ရောက်ရှိခဲ့ပြီး ၁၈၈၆ ခုနှစ်မှ ၁၉၃ရခုနှစ်အတွင်း မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံ၏ ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ခဲ့ပြီး အိန္ဒိယရှိဗြိတိသျှဘုရင်ခံချုပ်က အုပ်ချုပ်ခဲ့သည်။ ၁၈၅၂ခုနှစ်မက်ကောလေးဂျိုဝက်ကော်မရှင်အစီရင်ခံစာအရအိန္ဒိယနှင့် (မြန်မာ)နိုင်ငံတွင် အမြုတေ အုပ်ချုပ်ရေး စနစ်ဖြင့် အစားထိုးခဲ့သည်။ဤစနစ်သည်ကာလအလိုက် ပြောင်းလဲလာသော်လည်း အဓိကအားဖြင့် ဗြိတိသျှလူမျိုးများကြီးစိုးသည့်စနစ်ပင်ဖြစ်ပါသည်။ ဒေသခံပုဂ္ဂိုလ် အနည်းအကျဉ်းသာ ပါဝင်ခွင့် ရခဲ့ပါသည်။ဤစနစ်၏ထိပ်ပိုင်းနေရာများတွင် အိန္ဒိယပဋိညာဉ်ခံ ဝန်ထမ်း Indian Civil Service ICSများက ရယူထားကြပြီးအခွင့်ထူးခံများ ဖြစ်လာကြကာ မိုးကျရွှေကိုယ်များ ဟူ၍ ကျော်ကြားခဲ့ကြ ပါသည်။၁၉၃၇ ခုနှစ်တွင် မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံမှ ခွဲထုတ်ခဲ့သည်။ မြန်မာနိုင်ငံ ပဋိညာဉ်ခံဝန်ထမ်းBurma Civil Service; BCSများရွေးချယ်ခန့်ထားရေးအတွက်သီးခြားရာထူးဝန်အဖွဲ့ကိုမြန်မာနိုင်ငံ၌ ဖွဲ့စည်းတည်ထောင်ခဲ့သည်။

၁၉၄၈ ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရသည့်အခါတွင် ဗြိတိသျှတို့လွှဲပြောင်းပေးသော အုပ်ချုပ်ရေးပုံစံကိုပင် ဆက်လက် ကျင့်သုံးခဲ့သည်။ လွတ်လပ်ရေးရပြီးသည့်အခါအသက်မွေးဝမ်းကြောင်း ပညာရပ်ဆိုင်ရာ ရာထူးအချို့မှလွဲ၍ နိုင်ငံ့ဝန်ထမ်း ရာထူးအားလုံးလိုလိုပင် မြန်မာလူမျိုးများ နေရာယူလာကြသည်။ ၁၉၅၃ခုနှစ်တွင် ရာထူးဝန်အဖွဲ့ ဥပဒေပြဋ္ဌာန်းခဲ့ပြီး ပြည်ထောင်စု ရာထူးဝန်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ယင်းအဖွဲ့သည် ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့၏ ရှေ့ပြေးအဖွဲ့အစည်းပင် ဖြစ်သည်။ ၁၉၇၇ ခုနှစ်တွင်ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ကိုဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဥပဒေအရဖွဲ့စည်းခဲ့ပါသည်။ ထို့နောက် ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ကို ၂၈-၁၀-၂၀၁၀ ရက်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ပြဌာန်းသည့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ ဖြင့်ဖွဲ့စည်းသည့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဖြင့် အစားထိုးခဲ့ပါသည်။

၂၀၀၆ ခုနှစ်၊ ဖေဖေါ်ဝါရီလ၂၁ရက်နေ့တွင် ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးအဖွဲ့၏ ဌာနချုပ်ရုံးကို နေပြည်တော်သို့ ပြောင်းရွေ့ဖွင့်လှစ်ခဲ့ရာ ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးဦးစီးဌာနနှင့် ဝန်ထမ်းရေးရာဦးစီးဌာန တို့သည်လည်း ထို့နေ့မှာပင် စတင်၍ နေပြည်တော်၌ လုပ်ငန်းများဆောင်ရွက်လျှက် ရှိကြပါသည်။