ဦးစောဗယ်လင်တိုင်း၊ အဖွဲ့ဝင်

ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်းကို ၁၉၅၄ ခုနှစ်၊ နိုဝင်ဘာလ၁၄ ရက်နေ့၌ မိဘနှစ်ပါးဖြစ်သော ဦးစံကျော်နှင့် ဒေါ်အက်ထာတို့မှ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် မွေးဖွားခဲ့ ပါသည်။ ခရစ်ယာန်ဘာသာဝင်၊ ကရင်လူမျိုးတစ်ဦး ဖြစ်ပါသည်။၁၉၇၈ ခုနှစ်တွင် ရန်ကုန်စက်မှုတက္ကသိုလ်မှ အင်ဂျင်နီယာဘွဲ့ (သတ္တုဗေဒအင်ဂျင်နီယာ) ရရှိခဲ့ပြီး ၁၉၇၉ ခုနှစ်တွင် မြန်မာ့မီးရထား၌ စတင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသားဘဝတွင် သတ္တုဗေဒအင်ဂျင် နီယာဌာန၏ အားကစားမှူးအဖြစ်လည်းကောင်း၊ ရန်ကုန်စက်မှုတက္ကသိုလ် မြန်မာ့သိုင်းအားကစားအဖွဲ့၏ ပြန်ကြားရေးမှူးအဖြစ်လည်းကောင်း ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ အစိုးရဝန်ထမ်းဘဝတွင် ရွာထောင်၊အကြီးတန်းဒီဇယ် စက်ခေါင်းစက်ရုံ၌ အခြေခံအလုပ်သမား အစည်းအရုံး၏ အတွင်းရေးမှူးအဖြစ် လည်းကောင်း၊ ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ စစ်ကိုင်းမြို့နယ် အလုပ်သမားအစည်းအရုံးတွင်မြို့နယ် အစည်းအရုံးဝင်အဖြစ် လည်းကောင်း ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ဌာနမှချီးမြှင့်သော ဆုလက်မှတ်(၃)စောင်၊ နိုင်ငံ့ဝန်ထမ်းကောင်း တံဆိပ်၊ စက်မှုစီးပွားထူးချွန်တံဆိပ် (တတိယအဆင့်) ၊စက်မှုစီးပွားထူးချွန်တံဆိပ်(ဒုတိယအဆင့်)များ ရရှိ ခဲ့ပါသည်။ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းတွင်ဗဟိုကော်မတီဝင်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် များအဖြစ်လည်းကောင်း၊ သတ္တုနှင့်သံရည်ကျိုလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု “စံ” သတ်မှတ် ရေးဆပ်ကော်မတီတွင်ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ သတ္တုနှင့် အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ကျွမ်းကျင်မှု“စံ” သတ်မှတ်ရေး ဆပ်ကော်မတီတွင် အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ သံနှင့်သံမဏိလုပ်ငန်း ဖွ့ံဖြိုးရေးဆပ်ကော်မတီတွင် အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ရော်ဘာအခြေခံထုတ်ကုန်စံချိန်စံညွှန်း ရေးဆွဲရေးနည်းပညာဆပ်ကော်မတီတွင် အဖွဲ့ဝင်အဖြစ်လည်းကောင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ပြည်ပ နိုင်ငံများဖြစ်သော ဘယ်လ်ဂျီယံ၊ တရုတ်၊ အင်ဒိုနီးရှား၊ ပြင်သစ်၊ကမ္ဘောဒီးယား၊ အိန္ဒိယ၊ ကိုရီးယား၊ ဂျပန် နိုင်ငံများသို့ သင်တန်းတက်ရောက်ခြင်း၊ လေ့လာရေးခရီးသွားရောက်ခြင်း၊ အစည်းအဝေး တက်ရောက် ခြင်း စသည်ဖြင့် စုစုပေါင်းနိုင်ငံခြားသို့(၂၂)ကြိမ်သွားရောက်ခဲ့ရပါသည်။ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်နေ့တွင် မြန်မာ့မီးရထား၊အထွေထွေမန်နေဂျာ (အင်ဂျင်နီယာ/ စီမံ)အဆင့်မှ သက်ပြည့်အငြိမ်းစား ယူပြီးနောက်ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်အရ ၂၀၁၆ ခုနှစ်၊ ဧပြီလ (၂၇)ရက်နေ့အထိကျွမ်းကျင်သူ (အကြံပေး)အဖြစ် တာဝန်ထမ်းဆောင်ပြီး ၂၀၁၆ ခုနှစ်၊ ဧပြီလ (၂၈) ရက်နေ့မှစ၍ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင်အဖြစ်  တာဝန်ပေးအပ်ခြင်း ခံရပါသည်။ဦးစောဗယ်လင်တိုင်းသည် ဘောလုံးအားကစားဝါသနာပါပြီး စန္ဒယားနှင့် ဂစ်တာတီးခတ်ခြင်း၀ါသနာထုံသူဖြစ်ပါသည်။ အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်းသည် ၁၉၈၂ ခုနှစ်တွင် ဒေါ်နော်အက္ဖ်နီစန်နှင့်အိမ်ထောင်ကျပြီး သမီး (၂)ယောက် နှင့်သား (၁)ယောက် ထွန်းကားခဲ့ပါသည်။