ဦးဝင်းမော်၊ အဖွဲ့ဝင်

ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင် ဦးဝင်းမော်ကို အဖ ဦးကျော်ညွန့်၊ အမိ ဒေါ်ကျင်သုံတို့မှ ၁၉၄၇ခုနှစ်၊သြဂုတ်လ (၂၅)ရက်တွင် မွန်ပြည်နယ်၊ သထုံမြို့တွင် မွေးဖွားခဲ့ပါသည်။ သထုံမြို့မှ ရန်ကုန်မြို့သို့(၅)နှစ်သား အရွယ်တွင် ပြောင်းရွှေ့လာခဲ့ပြီး စိန့်ဖလိုမီနာကွန်ဗင့်ကျောင်းနှင့် စိန်ပေါကျောင်းတို့တွင် ပညာသင်ကြားခဲ့ပါသည်။ ၁၉၆၃ ခုနှစ်တွင် စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၁၀)ဝင်ခွင့်ဖြေဆို ခဲ့ရာ အောင်မြင်ခဲ့ပြီး ၁၉၆၄ မှ ၁၉၆၈ အထိ စစ်တက္ကသိုလ်တွင် ပညာသင်ကြားခဲ့ပါသည်။ ၁၉၆၈ ခုနှစ်၊ ဧပြီလ(၂၂)ရက်နေ့တွင် ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပြီးဗိုလ်လောင်းဘဝကြိုးစား မှုများကြောင့် စာပေဂုဏ်ထူးဆုရရှိခဲ့ပါသည်။ ပြန်တမ်းဝင်အရာရှိအဖြစ်ခန့်အပ်ခြင်းခံရပြီး တာဝန်ကျရာ တပ်အသီးသီးတွင် အထက်မှပေးအပ်သော တာဝန်ကိုကျေပွန်စွာထမ်းဆောင်ခဲ့ပါသည်။ ခြေလျင် တပ်စုမှူး၊ တပ်ခွဲမှူးသင်တန်းနှင့် ခြေလျင်အကူလက်နက်ကြီးသင်တန်းများတွင် ပထမရရှိခဲ့သည်။ ခမရ (၁၀၃)၊ ခလရ (၆၆)တပ်များတွင် ဒုဗိုလ်မှ ဗိုလ်ကြီးအဆင့်အထိတာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၇၇ ခုနှစ်၊ ဗိုလ်ကြီး အဆင့်ဖြင့် စစ်တက္ကသိုလ်နည်းပြအဖြစ် တာဝန်
ထမ်းဆောင်ခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် ခလရ (၅၈) သို့တပ်ခွဲမှူး ဗိုလ်မှူးအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် ချင်း(၁)သို့ ဒုတပ်ရင်းမှူးအဖြစ်လည်းကောင်း၊၁၉၈၉ ခုနှစ်တွင်ခမရ (၇) တပ်ရင်းမှူးအဖြစ်လည်းကောင်း တာဝန် ထမ်းဆောင်ခဲ့ပါသည်။ ၁၉၉၂ ခုနှစ်၊ နိုဝင်ဘာလ (၁၀)ရက်နေ့တွင် ပူတာအိုခရိုင်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ တာဝန်ထမ်းဆောင်စဉ်အတွင်း ပူတာအိုဒေသဝမ်းစာဖူလုံရေး၊ လေယာဉ်ကွင်းပေ(၁၅၀၀) တိုးချဲ့ခြင်း၊ မချမ်းဘောဆွမ်ပရာဘွမ်လမ်းများပြုပြင်ခြင်း၊ ၁၀ တန်းအောင်ချက် ကောင်းအောင် ဆောင်ရွက်ပေးခြင်းတို့ကြောင့် နိုင်ငံတော်မှ စီမံထူးချွန်ပထမအဆင့် ချီးမြှင့်ခဲ့ပါသည်။၁၉၉၄ ခုနှစ်၊ အောက်တိုဘာလ (၃၁)ရက်နေ့တွင် တပ်မတော်မှ အငြိမ်းစားယူခဲ့ပါသည်။ ၁၉၉၅ခုနှစ်၊မတ်လ(၈)ရက်နေ့တွင် လယ်ယာစိုက်ပျိူးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၂၀၁ဝခုနှစ်၊ သြဂုတ်လအထိ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ကာ ဌာနအင်အားကြီးထွားရေးနှင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးစနစ်အား လက်မှုလယ်ယာမှစက်မှုလယ်ယာသို့ ကူးပြောင်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများကြောင့် လယ်ယာစီးပွားထူးချွန် ဒုတိယအဆင့်နှင့် ပထမအဆင့်တို့ ချီးမြှင့်ခြင်းခံရပါသည်။ ၂၀၁၆ ခုနှစ်၊ ဧပြီလ (၂၈)ရက် နေ့တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရပါသည်။ ဦးဝင်းမော်သည်၁၉၇၅ ခုနှစ်တွင် ဒေါ်နန်းနေနွယ်နှင့် အိမ်ထောင်ပြုခဲ့ပြီး သား (၂)ဦးနှင့် သမီး (၁)ဦး ထွန်းကားခဲ့ပါသည်။