previous arrow
next arrow
Slider

အာဆီယံ နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်း အကြီးအကဲများ အစည်းအဝေးနှင့် ဒုတိယအကြိမ် အာဆီယံနှင့် ဆွေးနွေး ဘက် (၃) နိုင်ငံ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း အကြီးအကဲများ အစည်းအဝေး မိန့်ခွန်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံ့ဝန် ထမ်းဆိုင်ရာ ကိစ္စရပ်များကို အဓိက တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် ပြည်ထောင်စုရာထူးဝန် အဖွဲ့သည် ၂၀၁၃ ခုနှစ်နှင့်၂၀၁၄ ခုနှစ် တွင်(၁၇) ကြိမ်မြောက် အာဆီယံနိုင်ငံ့ဝန်ထမ်းဆိုင်ရာ အစည်းအဝေးများ၏ဥက္ကဌတာဝန်ကိုထမ်းဆောင်လျက် ရှိပါသည်။ ပြည်ထောင်စုရာထူးဝန်အဖွဲ့ကဦးစီးပြီးအာဆီယံနိုင်ငံံ့ဝန်ထမ်းအဖွဲ့အစည်း အကြီးအကဲ များအစည်းအဝေးနှင့် ဒုတိယအကြိမ်အာဆီယံနှင့် ဆွေးနွေးဘက်|(၃)နိုင်ငံ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း အကြီးအကဲများအစည်းအဝေးကို ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ (၂၆) ရက်နေ့တွင် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းအစည်းအဝေးများကို “ပြည်သူ့ဆန္ဒနှင့်လူမှုဘဝသာယာဝပြောပြည့်စုံအောင်ဖြည့်ဆည်းပေးနိုင်ရေးဆီသို့”ဟူသည့် ရည်မှန်းချက်ဖြင့်ကျင်းပခဲ့ပါသည်။ စက်တင်ဘာလ (၂၆) ရက်နေ့နံနက်ပိုင်းတွင် အာဆီယံနိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း အကြီးအကဲများ အစည်းအဝေးကျင်းပပြီး၊အာဆီယံဝန်ထမ်းအဖွဲ့အစည်းအကြီးအကဲများ၊ အဆင့်မြင့်အရာရှိကြီးများနှင့် ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အာဆီယံ လူမှုရေး၊ ယဉ်ကျေးမှု အသိုက် အဝန်း-ASCCဆိုင်ရာဒုတိယအတွင်းရေးမှူးချုပ်နှင့် ကိုယ်စားလှယ်များ၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့မှဝန်ထမ်းအဖွဲ့အစည်း အကြီးအကဲများ၊ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိ အရာထမ်းများတက်ရောက်ကြသည်။ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဌဦးကျော်သူ
ကအဖွင့်အမှာစကား ပြောကြားပြီး သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။

အာဆီယံနိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းအကြီးအကဲများ အစည်းအဝေးတွင် မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့က ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလတွင် ကျင်းပပြုလုပ်ခဲ့သည့် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး အစီရင်ခံစာကို ရှင်းလင်းတင်ပြခဲ့ပါသည်။ အစည်းအဝေးသို့ တက်ရောက်
လာ ကြသော အာဆီယံနိုင်ငံများမှ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းအကြီးအကဲများက အာဆီယံနိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းများ၏ လုပ်ငန်းအစီအစဉ် (၂ဝဝ၈-၂၀၁၅) အရ နိုင်ငံအလိုက်၂၀၁၄-၂၀၁၅ ခုနှစ် အတွင်း စီစဉ်ဆောင်ရွက်ထားရှိမှုနှင့် တိုးတက်မှု အခြေအနေများကိုဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အာဆီယံလူမှုရေး၊ ယဉ်ကျေးမှု အသိုက်အဝန်း– ASCC ဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်က အာဆီယံထိပ်သီးအစည်းအဝေးများ၊အာဆီယံလူမှုရေး ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီနှင့် ယင်းကောင်စီဆိုင်ရာ အဆင့်မြင့်အရာ
ရှိကြီး အစည်းအဝေး များ၊ အခြားသက်ဆိုင်သော အာဆီယံအစည်းအဝေးများ၊အာဆီယံလူမှုရေး ယဉ်ကျေးမှု အသိုက် အဝန်းကောင်စီ၏ လမ်းပြမြေပုံ အကောင်အထည်ဖော်မှုစံနှုန်းသတ်မှတ်နိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကိုရှင်းလင်းတင်ပြပါသည်။

ယင်းနောက် အာဆီယံနိုင်ငံ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း အကြီးအကဲများက ရှေ့ပြေးစီမံကိန်း(၉)ခုနှင့် ဒုတိယအကြိမ် အာဆီယံနှင့် ဆွေးနွေးဘက် (၃)နိုင်ငံ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းအကြီးအကဲ များ အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးမည့်ကိစ္စရပ်များ၊ ၂၀၁၅ ခုနှစ်ကာလအလွန် အာဆီယံ နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊အာဆီယံ လူ့စွမ်းအားအရင်းအမြစ် ဗဟိုဌာနများ၏ အကောင်အထည်ဖော်ဆောင်ရွက်ချက်များ၊ အာဆီယံနိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများ အတွင်း တွေ့ကြုံနိုင်မည့်အခက်အခဲများနှင့်လိုအပ်ချက်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြ ပါသည်။ ယင်းနောက်၂၀၁၄ ခုနှစ်တွင်(၁၈) ကြိမ်မြောက် အာဆီယံနိုင်ငံ့ဝန်ထမ်းဆိုင်ရာ အစည်းအဝေး များ၏ဥက္ကဌအဖြစ်တာဝန်ယူဆောင်ရွက်မည့် ဖိလစ်ပိုင်သမ္မတနိုင်ငံ၊ နိုင်ငံ့ဝန်ထမ်းကော်မရှင်ဥက္ကဌက ၂၀၁၅-၂၀၁၆ခုနှစ်ကာလတွင် (၁၈) ကြိမ်မြောက် အာဆီယံနိုင်ငံ့ဝန်ထမ်းအစည်းအဝေးဆိုင်ရာ ကြိုတင်ပြင်ဆင် ထားရှိမှုများကို ရှင်းလင်းတင်ပြပါသည်။ယင်းနောက် အစည်းအဝေး တက်ရောက်လာသူများက အာဆီယံနိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းအကြီးအကဲများ အစည်းအဝေးမှတ်တမ်း(မူကြမ်း)ကို ဆွေးနွေးအတည်ပြုခဲ့ကြပါသည်။

ဆက်လက်၍ (၁၇) ကြိမ်မြောက် အာဆီယံနိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းအဝေးများ ဥက္ကဌနှင့်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဌ ဦးကျော်သူက (၁၇)ကြိမ်မြောက် အာဆီယံနိုင်ငံ့ ဝန်ထမ်းအဖွဲ့အစည်းအဝေးများ ဥက္ကဌတာဝန်ယူ ဆောင်ရွက်ခဲ့မှုအစီရင်ခံစာကို ဖတ်ကြားတင်ပြပြီး အာဆီယံ နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းအဝေးများ ဥက္ကဌတာဝန်ကို ဖိလစ်ပိုင်သမ္မတနိုင်ငံ၊ နိုင်ငံ့ဝန်ထမ်း ကော်မရှင် ဥက္ကဌ Dr. Francisco T. Doque IIIထံသို့ လွှဲပြောင်းပေးအပ်ပါသည်။ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဌ ဦးကျော်သူက(၁၇)ကြိမ်မြောက်အာဆီယံ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းအဝေးနိဂုံးချုပ် အမှာစကားကိုလည်းကောင်း၊ဖိလစ်ပိုင်သမ္မတနိုင်ငံ၊ နိုင်ငံ့ဝန်ထမ်းကော်မရှင် ဥက္ကဋ္ဌDr. Francisco T. Doque III က ကြိုဆိုနှုတ်ခွန်းဆက်အမှာစကားကိုလည်းကောင်းပြောကြားပြီး အစည်းအဝေးကို မွန်းတည့် ၁၂:ဝဝနာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

မွန်းလွဲပိုင်းတွင် ဒုတိယအကြိမ် အာဆီယံနှင့် ဆွေးနွေးဘက်(၃)နိုင်ငံ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းကြီးအကဲများ အစည်းအဝေးကို ကျင်းပပြုလုပ်ရာ၊ အစည်းအဝေးသို့ အာဆီယံနှင့် ဆွေးနွေးဘက်(၃)နိုင်ငံ နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းအကြီးအကဲများ၊ အဆင့်မြင့် အရာရှိကြီးများနှင့် ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အာဆီယံလူမှုရေး၊ ယဉ်ကျေးမှု အသိုက်အဝန်း-ASCCဆိုင်ရာဒုတိယအတွင်းရေးမှူးချုပ်နှင့် ကိုယ်စားလှယ်များ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှဝန်ထမ်းအဖွဲ့အစည်းအကြီးအကဲများ၊ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိ အရာထမ်းများတက်ရောက်ကြပါသည်။ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဌဦးကျော်သူက အဖွင့်အမှာစကား ပြောကြားပြီး သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။

အစည်းအဝေးတွင် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အာဆီယံ လူမှုရေး၊ ယဉ်ကျေးမှု အသိုက်အဝန်း-ASCC ဒုတိယအတွင်းရေးမှူးချုပ်က အာဆီယံနှင့် ဆွေးနွေးဘက်(၃)နိုင်ငံ ထိပ်သီး အစည်းအဝေးများတွင် အာဆီယံနှင့် ဆွေးနွေးဘက် (၃)နိုင်ငံတို့၏ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို ရှင်းလင်းပြောကြားပါသည်။

ယင်းနောက် မြန်မာကိုယ်စားလှယ်အဖွဲ့မှ အာဆီယံနှင့် ဆွေးနွေးဘက်(၃)နိုင်ငံ နိုင်ငံ့ဝန်ထမ်း အဖွဲအစည်းများ၏ နည်းပညာပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းအဖွဲ့အစည်းအဝေး အစီရင်ခံစာနှင့်အာဆီယံနှင့်ဆွေးနွေးဘက်(၃)နိုင်ငံ လုပ်ငန်းအစီအစဉ် (၂၀၁၂-၂၀၁၅)ကို အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ မြန်မာကိုယ်စားလှယ်အဖွဲ့၏ရှင်းလင်းတင်ပြမှုပြီးသည့်နောက်အာဆီယံနှင့် ဆွေးနွေးဘက်(၃)နိုင်ငံ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း အကြီးအကဲ များက အာဆီယံနှင့်ဆွေးနွေးဘက်(၃)နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရန် နည်းလမ်းများ၊ “ပြည်သူ့ဆန္ဒနှင့်လူမှုဘဝသာယာဝပြောပြည့်စုံအောင် ဖြည့်ဆည်းပေးနိုင်ရေးဆီသို့၊ ကောင်းမွန်သော အုပ်ချုပ်မှုမြှင့်တင်ခြင်း” ဟူသည့် ရည်မှန်းချက်သို့ အောင်မြင်အောင် အကောင်းအထည်ဖော် ဆောင်ရွက်ရာတွင်တွေ့ရှိရသည့် အတွေ့အကြုံများ၊ လုပ်ငန်းစဉ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးကြပါသည်။

ထို့နောက် (၁၈)ကြိမ်မြောက် အာဆီယံနိုင်ငံ့ဝန်ထမ်းဆိုင်ရာ အစည်းအဝေးများ၏ ဥက္ကဌ အဖြစ်ဝန်ယူဆောင်ရွက်မည့် ဖိလစ်ပိုင်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့က တတိယအကြိမ် အာဆီယံနှင့်ဆွေးနွေးဘက်(၃)နိုင်ငံ၏ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းအကြီးအကဲများ အစည်းအဝေးအတွက်ကြိုတင်ပြင်ဆင်ထားရှိမှုများကို ရှင်းလင်းတင်ပြပြီးနောက် အစည်းအဝေးမှတ်တမ်း (မူကြမ်း) အပေါ် ဝိုင်းဝန်းဆွေးနွေး အတည်ပြုကြပါသည်။

အစည်းအဝေး ပိတ်ပွဲအခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဌ ဦးကျော်သူက နိဂုံးချုပ်အမှာစကားပြောကြား၍ ညနေ (၁၆:၃၀)နာရီတွင် အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။ ထိုနေ့ည (၁၈:၃၀) နာရီတွင် ဆီဒိုးနားဟိုတယ်၊ မင်္ဂ္လာခန်းမ၌ အစည်းအဝေးတက်ရောက်လာကြသော အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့်ကိုရီးယားသမ္မတနိုင်ငံတို့မှ ကိုယ်စားလှယ်များအား ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဌ ဦးကျော်သူကညစာဖြင့် ဂုဏ်ပြု တည်ခင်းဧည့်ခံခဲ့ပြီး အမှတ်တရလက်ဆောင်များ ဖလှယ်ပေးအပ်ခဲ့ ကြောင်းသိရပါသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့
နေပြည်တော်
ရက်စွဲ။ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ (၂၆)ရက်
(သတင်းစဉ်)