previous arrow
next arrow
Slider

နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲရေးအတွက်ဝန်ထမ်းများ အနေဖြင့်လိုက်နာဆောင်ရွက်ရမည့်နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်

၆.၁၀.၂၀၁၈ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မကွေးတိုင်းဒေသကြီးရှိ အုပ်ချုပ်ရေး ဥပဒေပြုရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်တို့မှ တာဝန်ရှိ သူများနှင့် တွေ့ဆုံပွဲအခမ်းအနားတွင်နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲရေးအတွက် ဝန်ထမ်းများ အနေဖြင့်လိုက်နာဆောင်ရွက်ရမည့်နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်ကို  ၇.၁၀.၂၀၁၈ ရက်နေ့ နေ့စဉ်ထုတ် သတင်းစာများမှ ကောက်နုတ်ဖော်ပြထားခြင်း ဖြစ်ပါသည်။

ပြုပြင်ပြောင်းလဲရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရာတွင် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းများလိုက်နာရမည့် ဥပဒေ၊နည်းဥပဒေများကို လေးစားလိုက်နာပြီး နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိကြရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းဆိုသည်မှာ နိုင်ငံတော်၏ ရသုံးခန့်မှန်းခြေငွေစာရင်းမှ ကျခံသုံးစွဲသည့် လစာ၊ ချီးမြှင့်ငွေနှင့် အခြားခံစားခွင့်များကို ခံစားကြရပါကြောင်း၊ ဝန်ထမ်းများသည် မိမိနှင့်ထိုက်တန်သည့် အခွင့်အရေးများကို မှန်မှန်ကန်ကန်မျှမျှတတသုံးစွဲကြရန် လိုအပ်သကဲ့သို့ နိုင်ငံတော်နှင့် ပြည်သူလူထု၏တာဝန်များကို ကျေပွန်စွာထမ်းဆောင်ရန် လိုအပ်ပါကြောင်း၊ ပြည်သူကိုအလုပ်အကျွေးပြုရန်လိုပါကြောင်း၊ လက်ရှိနိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြုပြင်ပြောင်းလဲရေးသည် ရန်သူမဟုတ် မိတ်ဆွေကောင်းဖြစ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲရေးသည် ခြိမ်းခြောက်မှုမဟုတ်ဘဲ အခွင့်အလမ်းကောင်းများသာဖြစ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲရေးကို ယခုကဲ့သို့ တိုက်တွန်းနေရမည်မဟုတ်ဘဲ မဖြစ်မနေအခြေအနေနှင့် အချိန်အခါအရ လိုက်ပါပြောင်းလဲရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းကောင်းမှနိုင်ငံကောင်းမည်ဖြစ်ရာ ဝန်ထမ်းများ၏အတွေးအခေါ်နှင့် အကျင့်စရိုက်များ ပြုပြင်ပြောင်းလဲရန် လိုအပ်ပါကြောင်း။

ထိုသို့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အုပ်ချုပ်ရေးကဏ္ဍနှင့် စပ်လျဉ်း၍ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်သည့် အုပ်ချုပ်ရေးယန္တရားဖြစ်ရန် လိုအပ်ပြီး နိုင်ငံသားများ၏ဘဝလုံခြုံမှု၊ စိတ်လုံခြုံမှုနှင့် စိတ်အေးချမ်းသာယာမှုရှိစေရန် စီမံဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံသူနိုင်ငံသားများအပေါ် ဝန်ထုပ် ဝန်ပိုး ဖြစ်စေသည့် အုပ်ချုပ်မှုယန္တရားမဖြစ်စေရေးသည် အရေးကြီးပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူ တာဝန်ခံမှုရှိရမည် ဖြစ်ပါကြောင်း၊ ဦးစီးခေါင်းဆောင်သူများ အနေဖြင့် မိမိတို့၏ ဝန်ထမ်းများကို လိုအပ်သလို လမ်းညွှန်ကြပ်မတ်နိုင်ရမည် ဖြစ်ပါကြောင်း၊ အရာထမ်းအမှုထမ်းများအနေဖြင့် လုပ်ငန်းခွင်တွင် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ CSO၊ NGO နှင့် မီဒီယာအားလုံးကလည်း ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဝိုင်းဝန်းကူညီမှသာ အောင်မြင်နိုင်မည် ဖြစ်ပါကြောင်း။

အဂတိကင်းစင်ရေး ဆောင်ရွက်ရာတွင် ကျောသားရင်သား၊ ဆူကြုံနိမ့်မြင့်မခွဲခြားဘဲ ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုကင်းစင်သော လူ့အဖွဲ့အစည်းဖြစ်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် အဂတိတိုက်ဖျက်ရေးကော်မတီများကို ထပ်မံတိုးချဲ့ဖွဲ့စည်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့သည် အပြန်အလှန် ချိတ်ဆက်လျက်ရှိပါကြောင်း။

ပြည်သူ့ဘဏ္ဍာငွေများသုံးစွဲရာတွင် လေလွင့်မှုမရှိစေရေး၊ ဒေသအတွက် အကျိုးရှိ၊ မရှိ ထောက်ပြဝေဖန်ပေးနိုင်ကြရန်နှင့် တည့်မတ်ပေးရန် တာဝန်ရှိသူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေများကို အသုံးပြုဆောင်ရွက်သည့်စီမံကိန်းများသည် ဒေသနှင့်ဆီလျော်သည့် ဒေသအကျိုး ဖြစ်ထွန်းစေမည့် စီမံကိန်းများဖြစ်ရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်အနေဖြင့်လည်း ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများနှင့်အညီ သုံးစွဲနိုင်ရေး စစ်ဆေးကြပ်မတ်တည့်မတ်ပေးစေလိုပါကြောင်း။

နိုင်ငံ့ဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်းများအနေဖြင့် နိုင်ငံသူနိုင်ငံသားများအတွက် အလုပ်အကျွေးပြုရမည့် ဝန်ဆောင်မှုပေးရမည့်နေရာဌာနများသို့ ရောက်ရှိနေသည်ဟု မှတ်ယူကြရမည်ဖြစ်ပြီး တိုင်းပြည်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရန်နှင့် နိုင်ငံသူ နိုင်ငံသားများအကျိုးကို ဆောင်ရွက်ကြစေလိုပါကြောင်း၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု အခွင့်အရေးကို လိုက်ပါဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခြင်းသည် မိမိတို့၏ဂုဏ်သိက္ခာကို မြင့်မားစေပါကြောင်း၊ ခေတ်ဟောင်း စနစ်ဟောင်းတစ်ခုမှ ခေတ်သစ် စနစ်သစ်သို့ ပြောင်းလဲရာတွင် စိန်ခေါ်မှုများကို တွေ့ကြုံရပါကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းမှုရရှိစေရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း နိုင်ငံတော် သမ္မတမှ လမ်းညွှန်မှာကြားသည်။