previous arrow
next arrow
Slider

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌဦးဝင်းသိမ်း ဗဟိုဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်)တွင်ကျင်းပသော ဝန်ထမ်း အဖွဲ့အစည်းအကြီးအမှူးစီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၂) သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်ခြင်း

ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူး စီမံခန့်ခွဲမှု သင်တန်း အမှတ်စဉ် (၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် (၀၉:၀၀)နာရီတွင် လှည်းကူးမြို့နယ်၊ ဗဟိုဝန်ထမ်း တက္ကသိုလ် ( အောက်မြန်မာပြည် )  ကေတုမတီခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသိမ်း တက်ရောက်ပြီး သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ဝန်ထမ်းအဖွဲ့အစည်းများ၏ စီမံခန့်ခွဲအုပ်ချုပ်မှုအပိုင်းတွင် အဓိက တာဝန်ထမ်းဆောင်နေသည့် အရာရှိကြီးများ၏ အရည်အသွေး မြင့်မားတိုးတက်စေပြီး ဦးဆောင်နိုင်မှုစွမ်းရည် တိုးတက်လာစေရန်နှင့် အနာဂတ်ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊

သင်တန်းတွင် ပြည်တွင်းပညာရှင်များက ၎င်းတို့ဌာနအဖွဲ့အစည်း၏ လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများကိုလည်းကောင်း၊ ပြည်ပ ပညာရှင်များက ၎င်းတို့၏ ကောင်းမွန်သည့်လုပ်ငန်းဆောင်ရွက်ချက်များကို မိမိတို့နိုင်ငံနှင့် နှိုင်းယှဉ်၍ လည်းကောင်း၊ ပို့ချဆွေးနွေးမှုများအပေါ် လေ့လာမှတ်သားပြီး အပြန်အလှန် ပါဝင်ဆွေးနွေးခဲ့ကြသည်ကို သိရှိရ၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ကိုယ်စား ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊

နိုင်ငံ့ဝန်ထမ်းများဖြစ်၍ မိမိတို့ဌာန၊ အဖွဲ့အစည်း၏ လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် ဌာနနှင့် နိုင်ငံတော်အပေါ် သစ္စာရှိဖို့ဖြစ်ပါကြောင်း၊ တစ်ဦးကောင်းတစ်ယောက်ကောင်းမဟုတ်ဘဲ အားလုံးတက်ညီ လက်ညီနှင့် စုပေါင်းလုပ်ကိုင်ဆောင်ရွက်ပြီး ဘက်လိုက်မှုမရှိဘဲ အဂတိကင်းရှင်းစွာဖြင့် ဆောင်ရွက်ဖို့ဖြစ် ပါကြောင်း၊

လောကလူ့ဘောင်ခေတ်သစ်တစ်ခုကို အကောင်အထည်ဖော်ရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ညွှန်ပြထားသကဲ့သို့ ပညာ၊ စေတနာ၊ သတ္တိနှင့် ပြည့်စုံသော လူသားများလိုအပ်ကြောင်း၊ ယင်းတို့သည်သာ စစ်မှန်သော လူ့စွမ်းအားအရင်းအမြစ်များဖြစ်ကြပြီး လောကသစ်ကို အောင်မြင်စွာ အကောင်အထည်ဖော် ဖန်တီးနိုင်မှာဖြစ်ပါကြောင်း၊ ခေတ်မီတိုးတက်ပြီးအသိဉာဏ်အမြော်အမြင် ကျယ်ပြန့်လာသော ခေတ်ကာလတွင် ထိုသို့သော လူ့စွမ်းအားအရင်းအမြစ်များဖြစ်အောင် ပြုစုပျိုးထောင် လေ့ကျင့်အားထုတ်ကြရမှာဖြစ်ပါကြောင်း၊

နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုး အောင်မြင်လာဖို့ လူတိုင်းလူတိုင်းသည် မိမိတို့သက်ဆိုင်ရာနယ်ပယ်၊ ကျွမ်းကျင်ရာ နယ်ပယ်အသီးသီးတွင် မိမိတို့ကိုယ်တိုင် ခေါင်းဆောင်စိတ်ဓာတ် မွေးမြူလျက် တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့် ဝိုင်းဝန်းကြိုးစားဆောင်ရွက်မှသာ နိုင်ငံနှင့်လူမျိုးတိုးတက် အောင်မြင်လာမှာ ဖြစ်ကြောင်း၊

ဒီမိုကရေစီအသွင်ကူးပြောင်းမှု ရှေ့ဆက်တိုးတက်စေရေးနှင့် နိုင်ငံတော်အစိုးရအပေါ် ပြည်သူလူထုမှ ယုံကြည်မှု ပိုမိုရရှိစေရေးတွင် နိုင်ငံ့ဝန်ထမ်းများသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပါကြောင်း၊ အစိုးရပုံရိပ်ကို ကောင်းမွန်အောင် ဖန်တီးနိုင်သည်မှာ နိုင်ငံ့ဝန်ထမ်းများဖြစ်ပြီး အစိုးရပုံရိပ်ကို ကျဆင်းအောင် ပြုလုပ်နိုင် သည်မှာလည်း နိုင်ငံ့ဝန်ထမ်းများပင်ဖြစ်သည်ကို သတိပြု ရမှာဖြစ်ပါကြောင်း၊

သင်တန်းသူ၊ သင်တန်းသားများသည် နိုင်ငံ၏အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ထမ်းဆောင် လျက်ရှိကြသော အရာရှိကြီးများဖြစ်သည့်အတွက် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန် မျက်မှောက်ခေတ် ကမ္ဘာ့နိုင်ငံရေးနှင့် မြန်မာ့နိုင်ငံရေးအခြေအနေတို့ကိုလည်း မျက်ခြည်မပြတ် အစဉ်အမြဲလေ့လာ ဆည်းပူးကြရန် ဖြစ်ကြောင်း၊ မိမိတို့၏ပင်ကိုယ်ဉာဏ် စွမ်းပကားများ၊ အတွေ့အကြုံများ၊ သင်တန်းမှရရှိလာသည့် ဘာသာရပ် ဆိုင်ရာ ဗဟုသုတများနှင့် မိမိတို့ရှိပြီးသား အတွေ့အကြုံများ အသိပညာ၊ ဗဟုသုတများကို စနစ်တကျ ပေါင်းစပ်ပြီး မိမိတို့လုပ်ငန်းခွင်တွင် အကျိုးရှိရှိ အသုံးချကြရန်ဖြစ်ကြောင်း၊

မိမိတို့ သိရှိတတ်မြောက်ထားသည့် ဗဟုသုတများကိုလည်း လက်အောက်ဝန်ထမ်းအဆင့်ဆင့်သို့ မျှဝေပေးနိုင်ရေး ဆောင်ရွက်သွားဖို့ကိုလည်း တိုက်တွန်းလိုပါကြောင်း၊ မိမိကိုယ်ကိုယ် အရည်အချင်း ပြည့်ဝသော အရည်အချင်းရှိသော ဝန်ထမ်းများဖြစ်စေရေး ကြိုးပမ်းအားထုတ်ရင်း မိမိတို့ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် အရည်အချင်းများ ပိုမိုတိုးမြင့်လာစေရေး အထောက်အကူပြုမှာ ဖြစ်ပါကြောင်း၊

မိမိတို့ဝန်ထမ်းများ၏ အရည်အသွေးမြှင့်တင်ခြင်း ဆောင်ရွက်ရာတွင်လည်း အခြားသူက တိုက်တွန်း မှုကြောင့် စွမ်းဆောင်ရည်မြှင့်တင်သလို ပင်ကိုယ်ဉာဏ်စွမ်းပကားဖြင့် ကိုယ်တိုင်အသိစိတ်ဓာတ်ဖြင့် ကြိုးစား လုပ်ကိုင်ဆောင်ရွက်သွားရန်နှင့် မိမိဌာနအဖွဲ့အစည်း မိမိနိုင်ငံတော်၏ လူမှုဘဝများ တိုးတက်မြင့်မား လာအောင် ဆောင်ရွက်ကြဖို့လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်၊ ဝန်ထမ်းရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊  တက္ကသိုလ် စီမံခန့်ခွဲရေး၊ ပညာရေးအဖွဲ့ဝင်များ၊ သင်ကြား/စီမံတာဝန်ရှိသူများနှင့် ဝန်ကြီးဌာန၊ အဖွဲ့အစည်း(၁၄)ခုမှ ဒုတိယညွှန်ကြားရေးမှူးချုပ်အဆင့် အရာထမ်းသင်တန်းသား(၁၆)ဦး၊ သင်တန်းသူ(၄)ဦး၊ စုစုပေါင်း(၂၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ၆-၈-၂၀၁၈ ရက်နေ့မှ  ၂၈-၉-၂၀၁၈ ရက်နေ့ထိ ရက်သတ္တ(၈)ပတ် ကြာမြင့်ခဲ့ပါကြောင်း သတင်းရရှိပါသည်။