previous arrow
next arrow
Slider

ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ဥက္ကဋ္ဌဦးဝင်းသိမ်း ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)အရာထမ်းလောင်း အခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ်(၄) ပဉ္စမအကြိမ် ဘွဲ့နှင်းသဘင်အခမ်း အနား တက်ရောက်ခြင်း

အရာထမ်းလောင်းအခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံ ခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ်(၄) ဘွဲ့နှင်း သဘင်အခမ်းအနားကိုယနေ့နံနက် (၀၉း၀၀) နာရီတွင် လှည်းကူးမြို့နယ်၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၊ ပြည်သူ့ဝန်ထမ်းအကယ်ဒမီ၌ ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌ ဦးဝင်းသိမ်း တက်ရောက်ပြီး ဘွဲ့လွန်ဒီပလိုမာ ဘွဲ့လက်မှတ်များ ချီးမြှင့်အပ်နှင်းပြီး သင်တန်းတွင် ထူးချွန်ဆု ရရှိကြသော သင်တန်းသား၊ သင်တန်းသူ(၃)ဦးတို့အား စံပြဆု၊ စာပေထူးချွန်ဆုနှင့် စာပေဂုဏ်ထူး ဆုတို့ကို ချီးမြှင့်ပေးအပ်ခဲ့ပါသည်။ ဘွဲ့နှင်းသဘင်အခမ်းအနား၌ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသိမ်းက အမှာစကား ပြောကြားရာတွင် ပြည်သူ့ဝန်ထမ်းအကယ်ဒမီများကို ဖွင့်လှစ်ခဲ့ပြီးနောက် ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် ယခုလို ပဉ္စမအကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ မောင်မယ်အပေါင်းတို့ကလည်း သင်တန်း၏ ရည်ရွယ်ချက်များကို သိရှိပြီး ကြိုးပမ်းသင်ယူခဲ့ကြလို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ကိုယ်စား ဝမ်းမြောက်ဂုဏ်ယူပါကြောင်း။ နိုင်ငံတော်အစိုးရသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဘက်ဘက်က အားထုတ်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသလို ပြည်ထောင်စုရာထူးဝန်အဖွဲ့ကလည်း နိုင်ငံ့ဝန်ထမ်းကဏ္ဍ ပြုပြင်ပြောင်းလဲရေး အတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံ့ဝန်ထမ်း လေ့ကျင့်မှုအပိုင်းတွင် ဝန်ထမ်းဘဝဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် (Career Development Program) ကို အထောက်အကူပြုမည့် ပညာရေးဖြင့်ချဉ်းကပ်လေ့လာမှု (Educational Approach) ကို ဦးစားပေးတိုးမြှင့် ဆောင်ရွက်လျက်ရှိရာ ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် ပြည်သူ့ဝန်ထမ်း အကယ်ဒမီတစ်ခုစီ တည်ထောင်၍ ဘွဲ့လွန်ဒီပလိုမာသင်တန်းများနှင့် အဆင့်မြင့်ဒီပလိုမာသင်တန်းများ ဖွင့်လှစ်ပြီး ဒီပလိုမာဘွဲ့လက်မှတ်များ ပေးအပ်ချီးမြှင့်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ဆက်လက်ပြီး “အဆင့်မြင့် အရာထမ်းစီမံခန့်ခွဲမှုသင်တန်း ပြည်သူ့ဝန်ထမ်း ခေါင်းဆောင်မှုဆိုင်ရာမဟာဘွဲ့”ကို ဖွင့်လှစ်သင်ကြား ချီးမြှင့် အပ်နှင်းပေးနိုင်ရေးအတွက်လည်း ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရကိုယ်စား ပြည်ထောင်စုရာထူးဝန်အဖွဲ့က နိုင်ငံ့ဝန်ထမ်းများကို ကျွမ်းကျင်မှု အတတ်ပညာ(Skill)၊သုတပညာ(Knowledge)၊သမ္ဘာ(Expertise)၊ တိုးတက်လာစေရန်အတွက် နိုင်ငံတော်၏ ဘဏ္ဍာငွေများစွာ အကုန်ကျခံရင်းနှီးမြှုပ်နှံပြီး လေ့ကျင့်ပေးလျက်ရှိရာ မောင်၊မယ်တို့မှလည်း ပြန်လည်တုံ့ပြန်မှု (Return of Investment) အနေနဲ့ မိမိရာထူးအဆင့်နှင့်လျော်ညီသည့် အရည်အသွေး(Quality)နဲ့ စွမ်းဆောင်ရည် (Performance) တိုးတက်လာအောင် အစဉ်ကြိုးစား လေ့လာသင်ယူပြီး နိုင်ငံတော်အပေါ် ပြန်လည်အလုပ် အကျွေးအကျိုး ပြုဖို့လိုအပ်ပါကြောင်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ်များက ပြည်သူ့ဝန်ထမ်း တစ်ဦးစီအတွက် အဓိကစံတန်ဖိုးများဖြစ်သော ရိုးသားဖြောင့်မတ်မှု၊ ဂုဏ်သိက္ခာရှိမှု၊ ဓမ္မဓိဋ္ဌာန်ကျမှုနှင့် ဘက်လိုက်ခြင်းကင်းမှု တို့ကို ပိုမိုခံယူကျင့်သုံးတန်ဖိုး ထားတတ်စေရန်အတွက်လည်းကောင်း ဝန်ထမ်းတစ်ဦး၏ စွမ်းဆောင်ရည် မြင့်မား တိုးတက်စေရေးအခြေခံ အုတ်မြစ်များဖြစ်သည့် စရိုက်လက္ခဏာကောင်းမှု၊ကိုယ်ကျင့်တရားကောင်းမှု၊ တန်းတူညီမျှမှု၊ စွမ်းဆောင်ရည်ပြည့်ဝမှုတို့နှင့် ပြည့်စုံသူများဖြစ်လာစေရန်လည်းကောင်း လေ့ကျင့်သင်ကြား ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ပြည်သူ့ဝန်ထမ်းအကယ်ဒမီများက လေ့ကျင့်ပေးလိုက်သည့် ပညာရပ်များသည် နိုင်ငံ့ဝန်ထမ်းများ အဖြစ် တာဝန်ထမ်းဆောင်ရာတွင် အခြေခံကောင်းများရရှိအောင် ပျိုးထောင်ပေးခြင်းသာဖြစ်ပြီး အရည်အချင်း ပြည့်ဝ၍ စွမ်းရည်မြင့်မားသော နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်လာအောင်မောင်၊မယ်တို့ အနေဖြင့် ဆက်လက် ဆည်းပူးကြိုးပမ်းသွားကြဖို့ လိုအပ်ပါကြောင်း၊ အဲဒီလို အမြဲမပြတ်လေ့လာဆည်းပူးနေကြမှသာ မိမိ လက်အောက်မှာရှိသည့် အမှုထမ်းများအား မှန်ကန်တိကျသည့် ဦးဆောင်လမ်းညွှန်မှုများကို အကောင်အထည် ဖော်ချမှတ်ပေးနိုင်မှာဖြစ်သလို မိမိအထက်အဆင့်များကိုလည်း တာဝန်ခံမှု၊ တာဝန်ယူမှုများဖြင့် အထောက် အကူပြုပေးနိုင်တဲ့ အရည်အသွေးနဲ့စွမ်းဆောင်ရည် ပြည့်ဝသူများ ဖြစ်လာကြမှာ ဖြစ်ပါကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာမှာ တစ်ဦးပေါ်တစ်ဦး ကောင်းသောယှဉ်ပြိုင်ခြင်း မှန်ကန်သော ပူးပေါင်းဆောင်ရွက်ခြင်းများဖြင့် ညီညီညွတ်ညွတ် လုပ်ကိုင်ဆောင်ရွက်ကြရန် လိုအပ်ပြီး တစ်ဦးနဲ့တစ်ဦး တစ်ဖွဲ့နဲ့တစ်ဖွဲ့ သဘောထားအမြင် ကွဲပြားမှုများမဖြစ်အောင် သတိမူနေကြရမှာ ဖြစ်ပါကြောင်း၊ နိုင်ငံတော် အပေါ် သစ္စာစောင့်သိ၍ ပြည်သူတို့၏ သဘောထားကို အလေးအနက်ထားပြီး အမျိုးသား၊ အကျိုးစီးပွားကို တာဝန်သိသိ စေတနာရှိရှိ ဝိုင်းဝန်းဆောင်ရွက်သွားကြရန်၊ လေ့လာဆည်းပူးရရှိခဲ့သည့် အတွေးအမြင်များ လုပ်ငန်းစဉ်များကို မိမိတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်ရမည့် ကဏ္ဍများတွင် လက်တွေ့အသုံးချခြင်းဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ် တည်ဆောက်ရာ၌ တစ်တပ်တစ်အား ပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ် မောင်၊မယ်တို့အနေဖြင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိ၍ ပြည်သူတို့၏ ဆန္ဒသဘောထားကို အလေးအနက်ထားကာ အမျိုးသားအကျိုးစီးပွားကို တာဝန်သိသိစေတနာရှိရှိ ဝိုင်းဝန်းဆောင်ရွက်ကြဖို့ အလွန်ပဲအရေးကြီးပါတယ် နိုင်ငံတော်၏ မူဝါဒများ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်နေချိန်မှာ ဝန်ထမ်းကောင်းဟူသော အသိစိတ်ဖြင့် စိတ်ရောကိုယ်ပါ အားတက်သရော ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းဆောင်ရွက်သွားကြဖို့ ထပ်လောင်းတိုက်တွန်း မှာကြားလိုပါကြောင်း၊ အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဒေါက်တာ ဦးပွား၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြင့်ဆွေနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းဟန်၊ ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ပါမောက္ခချုပ်၊ တက္ကသိုလ်အကြံပေး အဖွဲ့ဝင်များ၊ တက္ကသိုလ်စီမံခန့်ခွဲရေးနှင့် တက္ကသိုလ်ပညာရေးအဖွဲ့ဝင်များ၊ ဧည့်ပရိသတ်များ၊ မိဘဆွေမျိုးများနှင့် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၂၀၅)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ၂၈-၅-၂၀၁၈ ရက်နေ့မှ ၁၄-၉-၂၀၁၈ ရက်နေ့ထိ ရက်သတ္တ(၁၆)ပတ်ကြာ ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။