previous arrow
next arrow
Slider

ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌ ဦး ဝင်းသိမ်း ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၊ အလယ် အလတ်အဆင့် အရာထမ်းစီမံခန့်ခွဲမှုသင်တန်း၊ ပြည်သူ့ ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာသင်တန်း အမှတ် စဉ်(၁) ဘွဲ့နှင်းသဘင်အခမ်းအနား တက်ရောက်ခြင်း

အလယ်အလတ်အဆင့် အရာထမ်းစီမံခန့်ခွဲမှုသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့်မြင့် ဒီပလိုမာ သင်တန်းအမှတ်စဉ်(၁)  ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် (၀၉း၀၀) နာရီတွင် လှည်းကူး မြို့နယ်၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၊ ပြည်သူ့ဝန်ထမ်းအကယ်ဒမီ၌ ကျင်းပရာ အခမ်းအနား သို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌ ဦး ဝင်းသိမ်း တက်ရောက်ပြီး အဆင့်မြင့်ဒီပလိုမာ ဘွဲ့လက်မှတ် များ ချီးမြှင့်အပ်နှင်းပြီး သင်တန်းတွင် ထူးချွန်ဆုရရှိကြသော သင်တန်းသား၊ သင်တန်းသူ(၂)ဦးတို့အား စံပြဆု၊ စာပေထူးချွန်ဆုနှင့် စာပေဂုဏ်ထူးဆုတို့ကို ချီးမြှင့်ပေးအပ်ခဲ့ပါသည်။

ဘွဲ့နှင်းသဘင်အခမ်းအနား၌ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသိမ်းက အမှာစကား ပြောကြားရာတွင် ပြည်သူ့ဝန်ထမ်းအကယ်ဒမီများကို ဖွင့်လှစ်ခဲ့ပြီးနောက် အလယ်အလတ်အဆင့် အရာထမ်းများကို အဆင့်မြင့်ဒီပလိုမာဘွဲ့များ စတင်အပ်နှင်း နိုင်ခဲ့ပြီး ဗဟိုဝန်ထမ်းတက္ကသိုလ်များမှာ ယခုလို စတုတ္ထအကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်း အတွက် ဝမ်းမြောက် ဂုဏ်ယူမိပါကြောင်း။

အလယ်အလတ်အဆင့်အရာထမ်းစီမံခန့်ခွဲမှု သင်တန်းကို ယခင်ကရက်သတ္တ(၄)ပတ်ဖြင့် ဖွင့်လှစ်ခဲ့ပြီး ယခုအခါ ပြည်သူ့ဝန်ထမ်းအကယ်ဒမီအောက်မှာရက်သတ္တ(၂၀)ပတ်ဖြင့် အလယ်အလတ်အဆင့် အရာထမ်း စီမံခန့်ခွဲမှုသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှုအဆင့်မြင့်ဒီပလိုမာ သင်တန်းအမှတ်စဉ်(၁)အဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်ခဲ့ပြီး ယခုလို ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှုအဆင့်မြင့် ဒီပလိုမာဘွဲ့ကို ပထမဦးဆုံး အကြိမ် ချီးမြှင့်အပ်နှင်းခြင်း ဖြစ်ပါကြောင်း။

ဝန်ကြီးဌာန၊အဖွဲ့အစည်းများရဲ့ ရည်မှန်းချက်၊ ရည်ရွယ်ချက်များ အောင်မြင်ဖို့အတွက် အဓိကကျသည့် အလယ်အလတ်အဆင့်စီမံခန့်ခွဲမှုအခန်းကဏ္ဍကနေ ဆောင်ရွက်နေကြသူများ ဖြစ်သောကြောင့် မိမိတို့၏ စီမံခန့်ခွဲအုပ်ချုပ်မှု စွမ်းရည်များနှင့် ယနေ့ခေတ်၏ ပြောင်းလဲလာသည့် နည်းပညာ အတတ်ပညာ ဗဟုသုတ များကိုလည်း အမြဲမပြတ် လေ့လာဆည်းပူးနေဖို့ လိုအပ်ပါကြောင်း။

နိုင်ငံတော်သမ္မတက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၌ ဌာနဆိုင်ရာ တာဝန်ရှိသူများအား တွေ့ဆုံပွဲ အခမ်းအနားတွင် “ဝန်ထမ်းဆိုသည်မှာ ပြည်သူ့တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြရမည် ဖြစ်သကဲ့သို့ နိုင်ငံတော်၏ကျေးဇူးသစ္စာခံယူပြီး တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ အမိန့် ညွှန်ကြားချက်များကို လေးစားလိုက်နာကြရမည်ဖြစ်ပါကြောင်း၊ အလားတူသက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများ၏ စည်းမျဉ်း၊ စည်းကမ်းများကိုလည်း ဂရုပြုဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ထို့ပြင်မိမိတို့၏ ဆောင်ရွက်ချက်တိုင်းသည်လည်း နိုင်ငံတော်နှင့် နိုင်ငံသူနိုင်ငံသားများ၏ အကျိုးစီးပွားကို ဦးတည်ကြရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ ဘဏ္ဍာငွေများ မလေမလွင့် မဆုံးရှုံးစေရန် ဂရုပြုကြရမည်ဖြစ်ပြီး နိုင်ငံပိုင်ပစ္စည်းများ အလွဲသုံးစားမလုပ်ကြစေရန် အထူးသတိချပ်ရမည် ဖြစ်ပါကြောင်း ပြည်သူကိုဗဟိုပြု ပြည်သူကိုမျက်နာမူ၍ တာဝန်ထမ်းဆောင်ကြစေလိုပါကြောင်း၊ ပြည်သူကို ဖိနှိပ်ချုပ်ချယ်သည့် ပြည်သူကို ညှင်းပန်းနှိပ်စက်သည့် ယန္တရားအဖြစ် မဆောင်ရွက်စေလိုပါကြောင်း၊ ပြည်သူကို တန်ဖိုးထား လေးစား၍ တရားဥပဒေများနှင့်အညီ မှန်ကန်စွာ ဆောင်ရွက်ကြစေလိုပါကြောင်း” ဟု မြွက်ကြားလမ်းညွှန်ခဲ့ပါကြောင်း။

ယနေ့အချိန်မှာ အခြေအနေကိုလိုက်ပြီး ပြောင်းလဲဆောင်ရွက်ရန် အထူးလိုအပ်နေချိန်လည်း ဖြစ်ပါကြောင်း၊ ပြောင်းလဲမှုဆိုသည်မှာ အုပ်ချုပ်သည့်အစိုးရရဲ့ မူဝါဒတွေ ပြောင်းလဲရုံနှင့်မပြီးဘဲ အုပ်ချုပ်မှု ယန္တရားကြီး စဉ်ဆက်မပြတ်လည်ပတ်အောင် ပဲ့ကိုင်မောင်းနှင်နေကြသည့် မောင်၊မယ်တို့ ကိုယ်တိုင် လိုက်ပါ ပြောင်းလဲဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထိုသို့ပြောင်းလဲရာတွင်လည်း နှစ်ပေါင်းများစွာက ခေါက်ရိုး ကျိုးနေသည့် အစွဲများကိုပယ်ဖျောက်ပြီး အစိုးရ၏မူဝါဒများနှင့်အညီ လိုက်ပါပြောင်းလဲ လုပ်ကိုင်ဆောင်ရွက် ကြဖို့ လိုအပ်မှာဖြစ်ကြောင်း၊ အထူးသဖြင့် ဝန်ထမ်းများ၏ အရင်းခံစိတ်ထားတွေကို ဦးစွာပြောင်းလဲဖို့ လိုအပ်ပြီး ခေတ်ဟောင်းစနစ်ဟောင်းဆီမှ ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံဟောင်းများအရ မလိုလားအပ်သည့် အကျင့်ဆိုးများ၊ အဂတိလိုက်စားမှု၊ ကိုယ်ကျိုးစွန့်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန်နှင့် ပြည်သူတွေ လူမှုအဆင့်အတန်း မြင့်မားစေ​ရေး ရည်ရွယ်ဆောင်ရွက်ရန်လိုအပ်မှာလည်း ဖြစ်ပါကြောင်း။

နိုင်ငံတော်ရဲ့ စီမံအုပ်ချုပ်ရေးယန္တရားကြီးမှာ အောင်မြင်စွာ လည်ပတ်နိုင်ရေးနဲ့ ပြည်သူများကို ဝန်ဆောင်မှုပေးနိုင်ရေးတို့အတွက် မောင်၊မယ်များက တာဝန်ယူဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ ထို့ကြောင့် တစ်ဦးကောင်း၊ တစ်ယောက်ကောင်း ထိုမှတစ်ဆင့် အစုအဖွဲ့ ထိုမှတစ်ဆင့် ဝန်ထမ်းအဖွဲ့အစည်းအပေါ် သစ္စာရှိတဲ့ တာဝန်ယူတဲ့ လိုလားတက်ကြွစွာနဲ့ တာဝန်ထမ်းဆောင်တဲ့ နိုင်ငံသားကောင်းများ ဖြစ်လာအောင် ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။ မိမိတို့၏ တန်ဖိုးအရှိဆုံးအရင်းအမြစ်ဖြစ်သည့် စွမ်းရည်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်ရန်နှင့် ဗဟုသုတများကို အစဉ်လေ့လာဆည်းပူး နေရန် လိုအပ်ပါကြောင်း။

ပြည်သူ့ဝန်ထမ်းတစ်ဦးစီအတွက် အဓိက စံတန်ဖိုးများဖြစ်သော ရိုးသားဖြောင့်မတ်မှု၊ ဂုဏ်သိက္ခာရှိမှု၊ ဓမ္မဓိဋ္ဌာန်ကျမှုနှင့် ဘက်လိုက်ခြင်းကင်းမှုတို့ကို ပိုမိုခံယူကျင့်သုံး တန်ဖိုးထား တတ်စေရန်အတွက် လည်းကောင်း၊ ဝန်ထမ်းတစ်ဦး၏ စွမ်းဆောင်ရည်မြင့်မား တိုးတက်စေရေး အခြေခံအုတ်မြစ်များဖြစ်သည့် စရိုက်လက္ခဏာကောင်းမှု၊ ကိုယ်ကျင့်တရားကောင်းမှု၊ တန်းတူညီမျှမှု၊ စွမ်းဆောင်ရည်ပြည့်ဝမှုတို့နှင့် ပြည့်စုံသူများ ဖြစ်လာစေရန်လည်းကောင်း လေ့ကျင့်သင်ကြားပေးခဲ့ပြီး ဖြစ်ပါကြောင်း။

ပြည်သူ့ဝန်ထမ်းအကယ်ဒမီများက လေ့ကျင့်ပေးလိုက်သည့် ပညာရပ်များသည် မောင်၊မယ်တို့အတွက် အသိဉာဏ်အမြော်အမြင်နှင့် ပြည့်စုံမှု၊ တီထွင်ဖန်တီးနိုင်စွမ်းရှိမှု ရှာဖွေစူးစမ်း၊ လေ့လာသင်ယူ နိုင်စွမ်းရှိမှု ဝေဖန်ဆန်းစစ်၊ခွဲခြမ်းစိတ်ဖြာ သုံးသပ်နိုင်မှုစသည့် အရည်အသွေးကောင်းများကို ပြုစုပျိုးထောင်ပေး လိုက်ပြီဖြစ်၍ အစဉ်ထက်မြက်နေအောင် ဆက်လက်လေ့လာ သင်ယူနိုင်မှသာလျှင် စွမ်းရည်ပြည့်ဝသည့် လူ့စွမ်းအား များ ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါကြောင်း။

လေ့လာဆည်းပူးရရှိခဲ့သည့် အတွေးအမြင်များ လုပ်ငန်းစဉ်များကို မိမိတို့သက်ဆိုင်ရာ လုပ်ငန်းခွင်သို့ ပြန်လည်ရောက်ရှိတဲ့အခါမှာ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ရမည့် ကဏ္ဍများတွင် လက်တွေ့ အသုံးချခြင်းဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်သစ်တည်ဆောက်ရာ၌ တစ်တပ်တစ်အား ပူးပေါင်း ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ မောင်၊မယ်အရာရှိများအနေဖြင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိ၍ ပြည်သူ့တို့၏ဆန္ဒ သဘောထားကို အလေးအနက်ထားကာ အမျိုးသား အကျိုးစီးပွားကို တာဝန်သိသိ၊ စေတနာရှိရှိ ဝိုင်းဝန်း ဆောင်ရွက်ကြဖို့ အလွန်ပဲအရေးကြီးပါကြောင်း၊ နိုင်ငံတော်၏မူဝါဒများ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင် နေချိန်မှာ ဝန်ထမ်းကောင်းဟူသော အသိစိတ်ဖြင့် စိတ်ရောကိုယ်ပါ အားတက်သရော ကိုယ်စွမ်းဉာဏ်စွမ်း ရှိသရွေ့ ကြိုးပမ်းဆောင်ရွက်သွားကြဖို့ လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဒေါက်တာ ဦးပွား၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြင့်ဆွေနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှအောင်၊ ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ပါမောက္ခချုပ်၊ တက္ကသိုလ်အကြံပေး အဖွဲ့ဝင်များ၊ တက္ကသိုလ် စီမံခန့်ခွဲရေးနှင့် တက္ကသိုလ်ပညာရေးအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဧည့်ပရိသတ်များ၊ မိဘဆွေမျိုးများနှင့် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၉၃)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ  ၁၂-၃-၂၀၁၈ ရက်နေ့မှ  ၃-၈-၂၀၁၈ ရက်နေ့ထိ ရက်သတ္တ(၂၀)ပတ်ကြာ ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။