previous arrow
next arrow
Slider

ဗဟိုဝန်ထမ်းတက္ကသိုလ်၊ ပြည်သူ့ဝန်ထမ်းအကယ်ဒမီ၊ ၂၀၁၇ခုနှစ် မေလ (၄) ရက်နေ့တွင် ကျင်းပသော အရာထမ်းလောင်းအခြေခံသင်တန်း ဘွဲ့နှင်းသဘင်မိန့်ခွန်း

ဘွဲ့ယူသူမောင်မယ်အပေါင်းတို့

ဒီကနေ့ကျင်းပတဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားဟာ ဗဟိုဝန်ထမ်း တက္ကသိုလ်များ၏သမိုင်းမှာ ပြည်သူ့ဝန်ထမ်းအကယ်ဒမီ အရည်အသွေး အဆင့်အတန်းမြင့် ပထမဦးဆုံးအကြိမ် ကျင်းပသော ဘွဲ့နှင်းသဘင် အခမ်း အနားဖြစ်ပြီး ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှုဘွဲ့လွန်ဒီပလိုမာ (Post Graduate Diploma in Civil Service Management) သင်တန်းအမှတ်စဉ်(၁)ကို ကောင်းစွာ အောင်မြင်ပြီးမြောက်ခဲ့ပြီးဖြစ်၍ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှုဘွဲ့လွန် ဒီပလိုမာဘွဲ့နှင့် ထိုက်တန်သည်ဟု ပညာရေးအဖွဲ့က ကြေညာပြီးဖြစ်သည့် သင်တန်းသား မောင်မယ်များကို ဘွဲ့လက်မှတ်ချီးမြှင့်ခြင်း ဘွဲ့နှင်းသဘင် အခမ်းအနားဖြစ်ပါတယ်။ ဒီဘွဲ့နှင်းသဘင်အခမ်းအနားကို တက်ရောက်လာကြတဲ့ မောင်မယ်တွေ အားလုံးနဲ့ ဆွေမျိုးမိတ်သင်္ဂဟများ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်ကြီးများအားလုံး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြ ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း မင်္ဂလာပါလို့ ဦးစွာ နှုတ်ခွန်း ဆက်သ အပ်ပါတယ်။ ဘွဲ့ယူသူမောင်မယ်အပေါင်းတို့ ဒီကနေ့ဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့နှင့် ဗဟိုဝန်ထမ်းတက္ကသိုလ်များရှိ ပြည်သူ့ဝန်ထမ်း အကယ်ဒမီများတို့အတွက် မင်္ဂလာရှိတဲ့ နေ့ထူးနေ့မြတ်ပဲဖြစ်ပါတယ်။ ပြည်ထောင်စုရာထူးဝန်အဖွဲ့ လက်အောက်ရှိ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)မှာ တက္ကသိုလ် စတင် ဖွင့်လှစ်ချိန်မှစ၍ (၅၂) နှစ် ကျော်ကြာမျှကာလအတွင်းနှင့် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာ ပြည်) မှာ တက္ကသိုလ်စတင်ဖွင့်လှစ်ချိန်မှစ၍ (၁၈) နှစ် ကျော်ကြာမျှ ကာလ အတွင်း ပြည်သူ့ဝန်ထမ်းအကယ်ဒမီများကို ဖွင့်လှစ်နိုင်ခဲ့ပြီး ယခုလို ဘွဲ့နှင်းသဘင်အခမ်းအနားကြီးကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ခြင်း အတွက် များစွာဝမ်းမြောက်မိပါတယ်။ ဗဟိုဝန်ထမ်းတက္ကသိုလ်များရှိ ပြည်သူ့ဝန်ထမ်းအကယ်ဒမီများဟာ နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲရေး အတွက် Old Public Administration မှ ယခုလက်ရှိ နိုင်ငံတော်က ကျင့်သုံးလျက်ရှိတဲ့ ဒီမိုကရေစီစနစ်နဲ့လျော်ညီသော New Public Management ၊ New Public Governance တို့ကို အထောက်အကူပြု စေမည့် New Public Service Delivery လုပ်ငန်းစဉ်ကို အားသွန် ခွန်စိုက် အကောင်အထည်ဖော်မည့် ပြည်သူ့ဝန်ထမ်းကောင်းများကို လေ့ကျင့်ပေးနေပြီဖြစ်ပါတယ်။ ဒီသင်တန်းကို တက်ရောက်ခဲ့ကြတဲ့ မောင်မယ်အပေါင်းတို့ဟာ သင်တန်းရဲ့ ရည်ရွယ်ချက်များကို ပြည့်ဝ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် သင်တန်းအစမှ အဆုံးတိုင်အောင် တာဝန်သိသိ၊ စည်းကမ်းရှိရှိ ကြိုးပမ်းသင်ယူခဲ့ကြ တာကို တွေ့ရလို့လည်း ဝမ်းမြောက်ဂုဏ်ယူကြောင်းပြောကြားလို ပါတယ်။ ယခုလက်ရှိ နိုင်ငံတော်အစိုးရသစ်လက်ထက်မှာ ပြည်ထောင်စု ရာထူးဝန်အဖွဲ့အနေဖြင့်ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းအသီးသီးရှိပြန်တမ်းဝင် အရာရှိအဆင့် ဝင်ပေါက်ရာထူးနေရာများကို စနစ်တကျ ရွေးချယ်ပေး ခြင်း၊ ထိရောက်စွာ လေ့ကျင့်ပျိုးထောင်ပေးခြင်း၊ ဝန်ထမ်းကျင့်ဝတ်၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ စံနှုန်းများ သတ်မှတ်ရေးနှင့် မူဝါဒလမ်းညွှန်ချက်များ ချမှတ်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအား အထောက်အကူပြုခြင်း၊ ပြည်ထောင်စု ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် ဝန်ထမ်းအဖွဲ့အစည်းများ၏ ဝန်ထမ်းရွေးချယ်ခန့်ထားရေး၊ လေ့ကျင့် ပျိုးထောင်ရေး၊ စည်းကမ်းထိန်းသိမ်းရေးကိစ္စများနှင့်စပ်လျဉ်း၍ စိစစ ်ညှိနှိုင်း ဆောင်ရွက်ခြင်းစသည့် တာဝန်များကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥပဒေ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများပါ ပြဋ္ဌာန်း ချက်များ၊ လုပ်ထုံးလုပ်နည်း၊ အမိန့် ညွှန်ကြားချက်များနှင့်အညီ ထမ်းဆောင်လျက်ရှိပါတယ်။ဗဟိုဝန်ထမ်းတက္ကသိုလ်အသီးသီး အနေဖြင့် လည်း ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ လမ်းညွှန် ကြီးကြပ်မှုနှင့် အညီ ပြည်သူ့ဝန်ထမ်းများကို ထိရောက်စွာ လေ့ကျင့်ပြုစုပျိုးထောင် ပေးလျက် ရှိပါတယ်။ ပြည်သူ့ဝန်ထမ်းများအား ထိရောက်ထက်မြက်စွာ လေ့ကျင့် သင်ကြားပေး နိုင်ရေးအတွက် Semi-Regimental Training Approach အစား ပညာရေးနှင့် ကျွမ်းကျင်မှု အခြေပြုလေ့ကျင့် သင်ကြားရေး Education and Competency Training Approach အဖြစ် ပြောင်းလဲပြီး ဘွဲ့လွန်ဒီပလိုမာ၊ အဆင့်မြင့်ဒီပလိုမာနှင့် မဟာဘွဲ့ များချီးမြှင့်အပ်နှင်းနိုင်ရေးအတွက်ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန် မာပြည်) နှင့် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တို့မှာ ပြည်သူ့ဝန်ထမ်းအကယ်ဒမီ (Civil Services Academy – CSA) တစ်ခုစီကို ၂-၁-၂၀၁၇ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး အရာထမ်းလောင်း များအတွက် ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှုဘွဲ့လွန်ဒီပလိုမာ သင်တန်း အမှတ်စဉ် (၁) ကို စတင်ဖွင့်လှစ်နိုင်ခဲ့ရာ ယခုအခါ အောင်မြင် ပြီးမြောက်အကောင်အထည်ဖော်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ မောင်မယ်တို့ကို လေ့ကျင့် ပျိုးထောင်ရာမှာ ပြည်သူ့ဝန်ထမ်းတစ်ဦးစီအတွက် အဓိက စံတန်ဖိုးများဖြစ်သော ရိုးသားဖြောင့်မတ်မှု(Honesty)၊ ဂုဏ်သိက္ခာရှိမှု (Integrity)၊ ဓမ္မဓိဋ္ဌာန်ကျမှု (Objectivity)နှင့် ဘက်လိုက်ခြင်းကင်းမှု (Impartiality)တို့ကို ပိုမိုခံယူကျင့်သုံး တန်ဖိုးထားတတ်စေရန် အတွက် လည်းကောင်း၊ ဝန်ထမ်းတစ်ဦး၏ စွမ်းဆောင်ရည် မြင့်မားတိုးတက် စေရေး အခြေခံအုတ်မြစ်များဖြစ်သည့် စရိုက် လက္ခဏာကောင်းမှု (Ethos)၊ ကိုယ်ကျင့်တရားကောင်းမှု (Ethics)၊ တန်းတူ ညီမျှမှု (Equity)၊ စွမ်းဆောင်ရည်ပြည့်ဝမှု (Efficiency)တို့နှင့် ပြည့်စုံသူများ ဖြစ်လာစေရန်လည်းကောင်း လေ့ကျင့်သင်ကြားပေးခဲ့ပြီး ဖြစ်ပါတယ်။ သင်တန်းဆင်းပြီးနောက်ပိုင်းမှာ ဘွဲ့ယူသူမောင်မယ်အပေါင်း တို့ဟာ မိမိတို့ရဲ့ သက်ဆိုင်ရာဝန်ကြီးဌာန/အဖွဲ့အစည်းများ၏လုပ်ငန်းခွင် နယ်ပယ်အသီးသီးမှာ ပြန်တမ်းဝင် အရာထမ်းများအနေဖြင့် နိုင်ငံ့ တာဝန်များကို စတင်ဝင်ရောက် တာဝန်ယူ ထမ်းဆောင်ကြရတော့မှာ ဖြစ်တဲ့အတွက် မှာကြားစရာ အချက်အချို့ကို အလေးအနက်ထားပြီး မှာကြားလိုပါတယ်။ ဗဟိုဝန်ထမ်းတက္ကသိုလ်အသီးသီးအောက်ရှိ ပြည်သူ့ဝန်ထမ်း အကယ်ဒမီများက လေ့ကျင့်ပေးလိုက်တဲ့ ပညာရပ်များဟာ မောင်မယ် တို့အတွက် နိုင်ငံ့ ဝန်ထမ်းများအဖြစ် တာဝန်ထမ်းဆောင်ရာမှာ အခြေခံ ကောင်းများရရှိအောင် ပျိုးထောင်ပေးခြင်းသာဖြစ်ပြီး အရည်အချင်း ပြည့်ဝ၍ စွမ်းရည်မြင့်မားသော နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်လာအောင် မောင်မယ်တို့အနေဖြင့် ဆက်လက် ဆည်းပူးကြိုးပမ်းသွားကြဖို့ လိုအပ် ပါတယ်။ မောင်မယ်တို့ တစ်ဦးချင်းအနေဖြင့် အသိဉာဏ် အမြော်အမြင် နှင့် ပြည့်စုံမှု၊ တီထွင်ဖန်တီးနိုင်စွမ်းရှိမှု၊ ရှာဖွေစူးစမ်း လေ့လာသင်ယူ နိုင်စွမ်းရှိမှု၊ ဝေဖန်ဆန်းစစ် ခွဲခြားစိတ်ဖြာ သုံးသပ်နိုင်မှုစတဲ့ အရည်အသွေးကောင်းများ အစဉ်ထက်မြက်နေအောင် ဆက်လက် လေ့လာသင်ယူနိုင်မှသာလျှင် စွမ်းရည်ပြည့်ဝသည့်လူ့စွမ်းအားများ ဖွံ့ဖြိုး တိုးတက်လာမှာဖြစ်ပါတယ်။ နိုင်ငံတကာအဆင့်မီ ပညာရည်မြင့်မား သော နိုင်ငံ့ဝန်ထမ်းနိုင်ငံသူ၊ နိုင်ငံသားများအဖြစ်သာမက မိမိတို့ နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်နိုင်မှာ ဖြစ်တဲ့ အတွက် မောင်မယ်တို့အားလုံးက မိမိတို့နှင့်သက်ဆိုင်သော ပညာရပ် ဗဟုသုတများသာမက နိုင်ငံ့ဝန်ထမ်းတိုင်း သိသင့်သိထိုက်သည့် ဘာသာရပ် နယ်ပယ်အသီးသီးကိုလည်းနှံ့နှံ့စပ်စပ် နားလည် သိရှိအောင်၊ အစဉ် တိုးတက်အောင် ဆက်လက်လေ့လာ ဆည်းပူးသွားကြပါလို့ မှာကြားတိုက်တွန်း လိုပါတယ်။ သင်တန်းမှာ လေ့လာဆည်းပူးရရှိခဲ့သည့် အတွေးအမြင်များ၊ လုပ်ငန်းစဉ်များကို မိမိတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်ရမည့် ကဏ္ဍများ တွင်လက်တွေ့အသုံးချခြင်းဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ် တည်ဆောက်ရာ၌ တစ်တပ်တစ်အားပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်ပါ တယ်။ မောင်မယ်တို့အနေဖြင့် နိုင်ငံတော်အပေါ်သစ္စာစောင့်သိ၍ ပြည်သူ တို့၏ ဆန္ဒသဘောထားကို အလေးအနက်ထားကာ အမျိုးသား အကျိုး စီးပွားကို တာဝန်သိသိ၊ စေတနာရှိရှိ ဝိုင်းဝန်းဆောင်ရွက်ကြဖို့ အလွန်ပဲ အရေးကြီးပါတယ်။ နိုင်ငံတော်၏မူဝါဒများ ပြုပြင်ပြောင်းလဲ ရေးများ လုပ်ဆောင်နေချိန်မှာ ဝန်ထမ်းကောင်းဟူသော အသိစိတ်ဖြင့် စိတ်ရောကိုယ်ပါ အားတက်သရော ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်း ဆောင်ရွက်သွားကြဖို့လိုအပ်ပါတယ်။

ဘွဲ့ယူသူမောင်မယ်အပေါင်းတို့

ပြည်သူ့ဝန်ထမ်းများ၏ အရင်းခံစိတ်ထား (Mind-set) တွင် ပြည်သူ့ဝန်ကို ထမ်းမည့်သူ၊ ပြည်သူများ၏ လိုအပ်ချက်ကိုဖြည့်ဆည်း ဝန်ဆောင်ပေးမည့်သူ၊ ပြည်သူ့အတွက် အပြည့်အဝဆောင်ရွက်ပေးမည့် စိတ်ဓာတ်မျိုးထားရှိနိုင်ရေးနှင့် ပိုမိုကောင်းမွန်သော Service Delivery ပေးနိုင်သည့် ပြည်သူ့ဝန်ထမ်းကောင်း များဖြစ်စေရေးနှင့် အရည်အချင်း ပြည့်ဝသော ဝန်ထမ်းများ ပေါ်ထွက်လာမှသာလျှင် ကောင်းမွန်သော အုပ်ချုပ်ရေး ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။ ကောင်းမွန်သော အုပ်ချုပ်ရေး Good Governance ရှိမှသာ ကောင်းမွန်သောလူ့အဖွဲ့အစည်း၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှု (Socioeconomic Development) ကို ထူထောင်နိုင်မှာဖြစ်ပါတယ်။ အပြန်အလှန်အားဖြင့် ကောင်းမွန်သော လူ့အဖွဲ့ အစည်းတစ်ရပ်ဖြစ်မှသာ ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်နိုင် မှာဖြစ်ပါတယ်။ ပြည်သူများရဲ့ ယုံကြည်အားကိုးမှုကို ရယူကာ ပြည်သူ အများ တောင့်တ မျှော်လင့်နေတဲ့ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံအဖြစ် မလွဲမသွေ တည်ဆောက်နိုင်ကြသူများဖြစ်အောင်တတ်စွမ်းသည့်နယ်ပယ် အသီးသီး မှ ပါဝင်ထမ်းဆောင်ကြရန် အထူးလိုအပ်ပါတယ်။ အုပ်ချုပ်ရေးပိုင်းတွင်လည်း ပြည်သူကိုဗဟိုပြုသည့်စနစ်ကို ပြောင်းလဲ ကျင့်သုံးပြီး စီးပွားရေးကဏ္ဍတိုးတက်စေရန် ပုဂ္ဂလိကအခန်းကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိနေရာ နိုင်ငံတော်အနေဖြင့် ပြည်သူပိုင် ကဏ္ဍနှင့် ပုဂ္ဂလိက ပိုင်ကဏ္ဍများပူးပေါင်းဆောင်ရွက်ခြင်း (Public Private Partnership – PPP) ကို စတင်အကောင်အထည်ဖော်နေပြီ ဖြစ်ပါတယ်။ ဒါကြောင့် ရရှိထားပြီးဖြစ်သော အခြေခံကောင်းများကို ဆက်လက်ရှင်သန် တိုးတက်အောင် ဆောင်ရွက်ကြရန်လိုအပ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရ၊ ပြည်သူများ နှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ ဒါကြောင့် မောင်မယ်တို့အနေနဲ့ ကျရာတာဝန်ကို တက်ညီလက်ညီ စိတ် စေတနာအပြည့်ဖြင့် အားထုတ်ကြိုးပမ်းသွားကြရမှာဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများမှာ အဓိကအခန်း ကဏ္ဍမှ ပါဝင်နေကြတဲ့ ဝန်ထမ်းကောင်းများအဖြစ် ခေတ်ပြောင်း၊ စနစ်ပြောင်း၊ အသွင်ကူးပြောင်းနေ ချိန်မှာ မှန်ကန်သည့်အတွေးအခေါ်နဲ့ လုပ်ငန်းတာဝန်များကို ထက်ထက် မြက်မြက် သွက်သွက်လက်လက် ပူးပေါင်းဆောင်ရွက်သွားကြဖို့ လိုအပ်ပါတယ်။ ဗဟိုဝန်ထမ်းတက္ကသိုလ်အသီးသီးရှိ ပြည်သူ့ဝန်ထမ်းအကယ်ဒမီ များအနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တတည်းဟူသော စွမ်းရည်သုံးရပ် အချိုးညီညီ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အဂတိတရားကင်းစင်၍ စိတ်ဓာတ်နှင့် အကျင့်စာရိတ္တ ကောင်းမွန်သည့် ပြည်သူ့ဝန်ထမ်းများအဖြစ် လေ့ကျင့်သင်ကြားပေးလိုက်ပြီး ဖြစ်ပါတယ်။ ဗဟိုဝန်ထမ်းတက္ကသိုလ် အသီးသီးရှိ ပြည်သူ့ဝန်ထမ်းအကယ်ဒမီ များက သင်ကြားပေးလိုက်တဲ့ ပညာရပ်များနဲ့ အလေ့အကျင့်ကောင်းများကို လက်တွေ့နယ်ပယ်နဲ့ ပေါင်းစပ်ပြီး အကျိုးရှိအောင်အသုံးချပြီး ပြည်သူကို ထိရောက် ထက်မြက်စွာ ဝန်ဆောင်မှု ပေးကြရမှာဖြစ်ပါတယ်။ သို့မှသာ ပြည်သူကို ဝန်ဆောင်မှုပေးရာတွင် အရည်အသွေးရှိမှု(Quality)၊ သွက်လက် မြန်ဆန်မှု (Speed)၊ မဆိုင်းမတွ လုပ်ဆောင်မှု (Reponsiveness) နှင့် တာဝန်ယူမှုတာဝန်ခံမှု (Accountability)ရှိသည့် ပြည်သူ့ဝန်ထမ်း ကောင်းများအဖြစ် ရပ်တည်နိုင်ကြမှာဖြစ်ပါတယ်။

ဘွဲ့ယူသူမောင်မယ်အပေါင်းတို့

နိဂုံးချုပ်အနေဖြင့် ‘‘မောင်မယ်တို့အားလုံးဟာ အမျိုးသားရေးအမြင် ထက်မြက် ရှင်သန်ကြဖို့ လိုအပ်သလို ပါတီနိုင်ငံရေးလုံးဝကင်းစင်ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းသာယာရေးအတွက် လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားသူများဖြစ်အောင် ကြိုးပမ်းအားထုတ်ကြပါ။ ’’ ‘‘ဗဟိုဝန်ထမ်းတက္ကသိုလ်အသီးသီးရှိ ပြည်သူ့ဝန်ထမ်းအကယ်ဒမီ များက သင်ကြားပေးလိုက်တဲ့ ပညာရပ်များနဲ့ အလေ့အကျင့်ကောင်း များကို လက်တွေ့ နယ်ပယ်မှ အတွေ့အကြုံကောင်းများနဲ့ ပေါင်းစပ်ပြီး အကျိုးရှိအောင် အသုံးပြုကြပါ။ ပြည်သူ့ဝန်ထမ်းအကယ်ဒမီဆင်းများ ပီပီ မိမိတို့ရဲ့ကျောင်းဂုဏ်ကို ထိန်းသိမ်းခြင်းဖြင့် နိုင်ငံ့ဂုဏ်၊ ဇာတိဂုဏ် ကို မြှင့်တင်ကြိုးပမ်းကြပါ။’’ ‘‘ဝန်ထမ်းကောင်းမှနိုင်ငံကောင်းမည်ဟု ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်ကောင်းမွန်ဖို့ ဝန်ထမ်းများကောင်းများအဖြစ် ကျရာအခန်း ကဏ္ဍကနေ၍ စိတ် စေတနာအပြည့်အဝထားရှိပြီး တက်ညီလက်ညီ အားထုတ်ကြိုးပမ်း ဆောင်ရွက် သွားကြပါ။’’ “မိမိတို့ရဲ့ လုပ်ငန်းတာဝန်များကို ထူးချွန်ပြောင်မြောက်စွာ ဆောင်ရွက်နိုင်စွမ်းရှိသူများအဖြစ် အစဉ်ကြိုးပမ်းထမ်းဆောင်ရင်း တစ်ဆင့်ပြီးတစ်ဆင့် မြင့်မားလာမည့် အဆင့်မြင့်နိုင်ငံ့တာဝန်များကို တိုးမြှင့် တာဝန်ယူထမ်းဆောင်နိုင်ကြပါစေ။ အနာဂတ်မှာ တိုင်းပြည် အတွက် ဂုဏ်ယူအားထားရသော ဝန်ထမ်းကောင်းများ ဖြစ်လာပါစေ” လို့ ဆန္ဒပြုပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။